“UVR and Your Health” (April 2024)

ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation) နှင့် သင့်ကျန်းမာရေး (ဧပြီလ၊ ၂၀၂၄ ခုနှစ်)

🔴 အဓိကအချက်များ

☀️ အရေပြားကင်ဆာများသည် အဓိကအားဖြင့် နေမှ ရရှိသော သို့မဟုတ် နေလောင်အိပ်ရာ (sunbed) များကဲ့သို့ နေပူဆာလှုံရန် လူတို့ပြုလုပ်ထားသည့် အရင်းအမြစ်များမှ ရရှိသော ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ခြင်းကြောင့် ဖြစ်ပွားသည်။
☀️ ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အရေပြားကင်ဆာဖြစ်ပွားသူ ၁.၅ သန်းကျော် တွေ့ရှိခဲ့ပြီး ၁၂၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
☀️ ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၁၅ သန်းသည် အတွင်းတိမ်ရောဂါကြောင့် အမြင်အာရုံဆုံးရှုံးရပြီး ထိုလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့မိခြင်းကြောင့် ဖြစ်နိုင်သည်။
☀️ ကလေးများနှင့် ဆယ်ကျော်သက်များ နေရောင်ခြည်ထိတွေ့မှု အလွန်များခြင်းသည် ဘဝနောက်ပိုင်း၌ အရေပြားကင်ဆာဖြစ်စေသည်။
☀️ အတိုင်းအတာတစ်ခုအထိ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုသည် ဗီတာမင်ဒီရရှိခြင်းကဲ့သို့ ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
☀️ ရိုးရှင်းပြီး ထိရောက်သော ကာကွယ်သည့်နည်းလမ်းများ ရှိပါသည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၃ နှင့်အထက်တွင် နေရောင်ခြည်မှ ကာကွယ်ရန် အကြံပြုထားသည်။

🔴 ခြုံငုံသုံးသပ်ချက်

ခရမ်းလွန်ရောင်ခြည်ကို မမြင်ရပါ။ ထိတွေ့ခံစား၍မရပါ။ အချို့သူများသည် လူတို့ ပြုလုပ်ထားသည့် ခရမ်းလွန်ရောင်ခြည် (ဥပမာ-ဆေး၊ စက်ရုံများ၊ အလှအပရေးရာနှင့် ပိုးသတ်ခြင်းအတွက်) ကို ထိတွေ့နေရပြီး လူတိုင်းသည် နေမှ ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့ရသည်။

နေ၏ ခရမ်းလွန်ရောင်ခြည်ပမာဏကို အကြောင်းရင်းများစွာက လွှမ်းမိုးထားသည်။

☀️ နေမြင့်ခြင်း – နေမြင့်လေ ခရမ်းလွန်ရောင်ခြည် ပမာဏမြင့်လေ ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ပမာဏသည် နေ့အချိန်နှင့် နှစ်အလိုက် ပြောင်းလဲသည်။
☀️ လတ္တီတွဒ် – အီကွေတာနှင့်နီးလေ ခရမ်းလွန်ရောင်ခြည်ပမာဏမြင့်လေ ဖြစ်သည်။
☀️ အမြင့်ပေ – ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေတက်လာသည်နှင့်အမျှ လေထုပါးလွှာပြီး ခရမ်းလွန်ရောင်ခြည်စုပ်ယူမှု နည်းသောကြောင့် ခရမ်းလွန်ရောင်ခြည်ပမာဏမြင့်မားသည်။
☀️ တိမ်ဖုံးခြင်း – တိမ်ကင်းစင်နေပါက ခရမ်းလွန်ရောင်ခြည်ပမာဏ အမြင့်ဆုံးဖြစ်သော်လည်း တိမ်ဖုံးနေချိန်တွင်လည်း မြင့်မားနိုင်သည်။
☀️ အိုဇုန်း – အိုဇုန်းလွှာသည် နေ၏ ခရမ်းလွန်ရောင်ခြည်တချို့ကို စုပ်ယူပေးသည်။ အိုဇုန်းလွှာပါးခြင်းသည် ကမ္ဘာ့မျက်နှာပြင်သို့ ခရမ်းလွန်ရောင်ခြည် ပိုမိုကျရောက်စေသည်။
☀️ ရောင်ပြန်ဟပ်ခြင်း – ရေ၊ သဲနှင့် ကျကာစနှင်း စသည့် ရောင်ပြန်မျက်နှာပြင်များသည် ခရမ်းလွန်ရောင်ခြည်ပမာဏကို မြင့်တက်စေသည်။
☀️ အိုဇုန်းလွှာနှင့် တိမ်ဖုံးလွှမ်းမှု ပြောင်းလဲခြင်းအပါအဝင် ရာသီဥတုအပြောင်းအလဲသည် ကမ္ဘာ့မြေပြင်ရှိ ခရမ်းလွန်ရောင်ခြည်ပမာဏအပေါ် သက်ရောက်မှုရှိသည်ဟု ခန့်မှန်းသည်။

🔴 ကျန်းမာရေးအကျိုးသက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်ပမာဏ အနည်းငယ်သည် ဗီတာမင် “ဒီ” ထုတ်လုပ်ရာတွင်အရေးပါသောအခန်းကဏ္ဍ၌ပါဝင်ပြီး ကျန်းမာရေးအတွက်အကျိုးရှိသည်။ သို့သော် ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့ခြင်းသည် ကင်ဆာဖြစ်စေခြင်းကဲ့သို့ မကောင်းသည့် ကျန်းမာရေးနောက်ဆက်တွဲများနှင့် ဆက်စပ်နေသည်။

☀️ အရေပြားအပေါ် သက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်၏ လတ်တလောသက်ရောက်မှုများမှာ DNA ပျက်စီးခြင်း၊ နေလောင်ခြင်း၊ နေရောင်ခြည်ကြောင့် အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းများနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားနည်းစေခြင်းတို့ ဖြစ်သည်။ ခုခံအားစနစ်အားနည်းခြင်းသည် ကင်ဆာဖြစ်စေသော အကြောင်းရင်းတစ်ခုအဖြစ် စဥ်းစားနိုင်ပြီး ဗိုင်းရပ်ပိုးများ ပြန်လည်ထကြွလာစေနိုင်သည်။ (ဥပမာ – နှုတ်ခမ်းအနာများ)

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် အရေပြားနှင့် နှုတ်ခမ်းတွင်ဖြစ်သော ရေရှည်သက်ရောက်မှုများ

👉 အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာ (cutaneous melanoma) – အသက်အန္တရာယ်ရှိသော အရေပြားကင်ဆာတစ်မျိုး
👉 Squamous cell ကင်ဆာ (SCC) – အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာထက် ယေဘုယျအားဖြင့် ပျံ့နှံ့နှုန်းနည်းပါးပြီး သေဆုံးနိုင်ခြေနည်းသော အရေပြားကင်ဆာတစ်မျိုး
👉 Basal cell ကင်ဆာ (BCC) – အသက်ကြီးသူများတွင် ပို၍ဖြစ်သော ကြီးထွားမှုနှေးသည့် အရေပြားကင်ဆာတစ်မျိုး
👉 အရွယ်မတိုင်ခင် အရေပြားအိုမင်းရင့်ရော်ခြင်း – အသက်ငယ်စဥ်တွင် အရေပြားဆန့်ကျုံ့နိုင်စွမ်း ပျောက်ဆုံးပြီး အနာကျက်ရန် နှေးခြင်း

၂၀၂၀ ခုနှစ်တွင် ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့ခြင်းကြောင့် SCC နှင့် BCC ကင်ဆာ လူနာသစ် ၁.၂ သန်း၊ အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာ လူနာသစ် ၃၂၅,၀၀၀ တွေ့ရှိရပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို SCC နှင့် BCC ကြောင့် ၆၄,၀၀၀၊ အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာကြောင့် ၅၇,၀၀၀ တွေ့ရှိရသည်။

☀️ မျက်စိအပေါ် သက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်၏ လတ်တလော သက်ရောက်မှုများတွင် မျက်ကြည်လွှာရောင်ခြင်း (photokeratitis) နှင့် မျက်မြှေးရောင်ခြင်း (photoconjunctivitis) တို့ ပါဝင်သည်။ ထိုအကျိုးသက်ရောက်မှုများကို ပြန်လည်ပြောင်းလဲနိုင်သည်။ အကာအကွယ်မျက်မှန်များဖြင့် အလွယ်တကူ ကာကွယ်နိုင်သည်။ ရေရှည်ပျက်စီးမှု မဖြစ်နိုင်သော်လည်း နာကျင်၍ ကုသမှုလိုအပ်နိုင်သည်။

ခရမ်းလွန်ရောင်ခြည်၏ ရေရှည်သက်ရောက်မှုများတွင်-

👉 Cataract (အတွင်းတိမ်) (မျက်ဆန်တွင်း မှန်ဘီလူး ပို၍အလင်းပိတ်လာသောကြောင့် အမြင်အာရုံချို့ယွင်းလာပြီး နောက်ဆုံးတွင် မျက်စိကွယ်သွားသည့် မျက်စိရောဂါ)၊
👉 Pterygium (မျက်သားတက်ခြင်း)
👉 မျက်ခွံ၊ မျက်လုံးနှင့် အနီးတ၀ိုက်ရှိ ကင်ဆာ (BCC၊ SCC နှင့် melanoma)

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုသည် အသက်အရွယ်ကြောင့် အမြင်လွှာယိုယွင်းမှု (Age-related macular degeneration – AMD) ဖြစ်ရာတွင်လည်း ပါဝင်နိုင်သည်။

ကမ္ဘာတစ်ဝန်းတွင် အတွင်းတိမ်ကြောင့် အမြင်အာရုံဆုံးရှုံးသူ ၁၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၁၀ ရာခိုင်နှုန်းခန့်သည် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်နိုင်ပါသည်။

☀️ ဗီတာမင်ဒီ (Vitamin D) ထုတ်လုပ်ခြင်း

ခရမ်းလွန်ရောင်ခြည် ပမာဏအနည်းငယ်သည် ခန္ဓာကိုယ်၌ ဗီတာမင်ဒီ ထုတ်လုပ်ရာတွင် အရေးပါသောကြောင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အရေးကြီးသည်။ ဗီတာမင်ဒီသည် အရိုးနှင့် ကြွက်သားစနစ်များကို သန်မာစေသည်။ နေရောင်ခြည်ထိတွေ့မှုနည်းသူများသည် ဗီတာမင်ဒီဖြည့်စွက်ဆေးသောက်ရန် စဥ်းစားသင့်သည်။ နေရောင်ခြည်ထိတွေ့မှုနည်းသူများတွင် စောင့်ရှောက်မှုဂေဟာများတွင် နေရသူများ သို့မဟုတ် အိမ်ထဲ၌သာ နေရသူများ၊ ကုန်းမြင့်ဒေသရှိ အသားရောင်ရင့်သူများ၊ ဘာသာရေး သို့မဟုတ် ရိုးရာကြောင့် အပြင်ထွက်လျှင် တစ်ကိုယ်လုံး ဖုံးအောင် ဝတ်ဆင်ရသူများ စသဖြင့် ပါဝင်သည်။

🔴 အထူးအန္တရာယ်ရှိသူများ

ကလေးငယ်များနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ အရေပြားနှင့် မျက်လုံးဖွဲ့စည်းပုံကြောင့် ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်ကို ပို၍ ခံစားရသည်။ ကလေးဘဝတွင် ခံစားရသော နေလောင်မှုသည် ဘဝနောက်ပိုင်းချိန်တွင် အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများစေသည်။ ထို့အတူ ခရမ်းလွန်ရောင်ခြည်မြင့်မားမှုသည် မျက်စိအမြင်လွှာအထိ ရောက်နိုင်ပြီး ပျက်စီးစေသည်။

အသားလတ်သူများသည် အသားညိုသူများထက် နေလောင်ခြင်းကို ပိုခံစားရပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။ သို့သော် အသားညိုသူများလည်း အရေပြားကင်ဆာ ဖြစ်နိုင်သည်။ မျက်စိထိခိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။

ကင်ဆာ ဖြစ်နိုင်ခြေမြင့်သူများတွင် မွေးရာပါအမှတ်/မှဲ့ အများအပြားရှိသူများ၊ အလင်းကို တုံ့ပြန်သော ဆေးကုသမှု ခံယူသူများနှင့် အရေပြားကင်ဆာ မျိုးရိုးရှိသူများ ပါဝင်သည်။ အလုပ်သဘောအရ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် ထိတွေ့ရသည့် အိမ်ပြင်ပအလုပ်လုပ်သူများသည် SCC နှင့် BCC အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။

🔴 ကာကွယ်ရေးနည်းလမ်းများ

အရေပြားကင်ဆာကို ကောင်းစွာကာကွယ်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့မှုမှ ကာကွယ်ရန် အောက်ပါအချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။

☀️ နေ့လယ်အချိန်တွင် တတ်နိုင်သမျှနေပူထဲမထွက်ပါနှင့်။
☀️ အရိပ်ထဲတွင် နေပါ။
☀️ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ပါ။
☀️ မျက်စိ၊ မျက်နှာ၊ နားနှင့် လည်ပင်းတို့ကို ကာကွယ်ရန် အနားပြန့်ကျယ်သော ဦးထုပ်ဆောင်းပါ။
☀️ UV-A နှင့် UV-B ကို ၉၉ မှ ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သော မျက်လုံးပတ်လည် အပြည့်ဖုံးကာသည့် နေကာမျက်မှန်ကို တပ်ဆင်ပါ။
☀️ အဝတ်ဖြင့် မဖုံးနိုင်သော အရေပြားနေရာများကို ထိရောက်သော နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) လိမ်းပါ။ နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) လိမ်းခြင်းထက်စာလျှင် အရိပ်ကို ရှာဖွေနေထိုင်ခြင်းနှင့် အဝတ်အစားများ ဝတ်ဆင်ခြင်းတို့ဖြင့် နေရောင်ကို အကောင်းဆုံး ကာကွယ်နိုင်သည်။ နေရောင်အောက် ကြာရှည်စွာနေထိုင်ခြင်းအတွက် နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) အသုံးမပြုသင့်ပါ။
☀️ အသားညိုစေသော နေလောင်အိပ်ရာများ၊ စက်များအသုံးပြုခြင်းကို ရှောင်ကြဥ်ပါ။ ခရမ်းလွန်ရောင်ခြည်လှုံရန် နေလောင်အိပ်ရာများအသုံးပြုမှုသည် အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။ လုံလောက်သော ဗီတာမင်ဒီရရှိရန်အတွက် အဆိုပါနည်းလမ်းများကို မည်သည့်အခါတွင်မှ မစဥ်းစားသင့်ပါ။

ကလေးငယ်များ အိမ်ပြင်တွင် ဆော့ကစားသည့်အခါ အထက်ဖော်ပြပါ ရိုးရှင်းသော ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုစေခြင်းဖြင့် ရေတိုနှင့် ရေရှည် ထိခိုက်မှုများကို ကာကွယ်နိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source:
https://www.who.int/news-room/fact-sheets/detail/ultraviolet-radiation

#nugmoh #UltravioletRadiation #UV #UVR #Sun #Sunlight

Ministry of Health,
National Unity Government.

Published on: April 22, 2024
Last updated: April 22, 2024