Vaccine Preventable Disease: Rubella and congenital rubella syndrome (February, 2023)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ ( Vaccine-Preventable Diseases – VPDs)

၁၁။ ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါ (Rubella and congenital rubella syndrome)

👉 ဂျိုက်သိုးရောဂါဆိုသည်မှာ

ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ ဖြစ်ပါသည်။ ကလေးများနှင့် လူကြီးများတွင် သာမန်သာ ဖြစ်တတ်သည်။ မွေးရာပါ ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုး သန္ဓေသားသို့ ရောဂါပိုးကူးစက်သောအခါ ဖြစ်တတ်သော မွေးရာပါ ချွတ်ယွင်းမှုများဖြစ်ပါသည်။ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင် စောစောပိုင်းတွင် ဂျိုက်သိုးရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလျှင် သူမ၏ သန္ဓေသားသို့ ရောဂါပိုး ကူးစက်ရန် အခွင့်အလမ်း (၉၀%) ရှိပါသည်။ သန္ဓေသား သေဆုံးခြင်း (သို့မဟုတ်) မွေးရာပါ ဂျိုက်သိုးရောဂါ ဖြစ်ပွားခြင်းများ ဖြစ်စေနိုင်ပါသည်။ မွေးရာပါဂျိုက်သိုးရောဂါကြောင့် နားမကြားခြင်းသည် အများဆုံးဖြစ်ပွားသော်လည်း မျက်စိ၊ နှလုံးနှင့် ဦးနှောက်တို့တွင်လည်း ချွတ်ယွင်းမှုများကို ဖြစ်ပွားစေသည်။

👉 ဂျိုက်သိုးရောဂါ ကူးစက်ပျံ့နှံ့ပုံ

ရောဂါပိုးကူးစက်ခံပြီးသော လူများ၏ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်လာသော အစက်အမှုန်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ လူတစ်ဦးသည် ရောဂါပိုးကူးစက်ခံရပြီးပါက (၅) ရက်မှ (၇) ရက်အတွင်း ဗိုင်းရပ်ပိုးသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပါသည်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ကူးစက်ခံရပါက အဆိုပါ အချိန်အတွင်း ဗိုင်းရပ်ပိုးသည် သန္ဓေသားထံသို့ ကူးစက်ရောက်ရှိနိုင်ပါသည်။ ရောဂါပိုးကူးစက်ခံပြီးသူများသည် အနီအဖုအပိန့်များ မထွက်မီ (၇) ရက်ခန့်နှင့် ထွက်ပြီး (၁၄) ရက်ခန့် အချိန်အတွင်း အခြားလူများကို ရောဂါပိုး ကူးစက်ပျံ့ပွားနိုင်ပါသည်။ မွေးရာပါ ဂျိုက်သိုးရောဂါဖြစ်ပွားသည့် ကလေးငယ်များသည် တစ်နှစ် (သို့မဟုတ်) ပိုမိုကြာမြင့်သည်အချိန်ထိ ဗိုင်းရပ်ရောဂါပိုးကို ကူးစက်ပျံ့ပွားစေနိုင်သည်။

👉 ဂျိုက်သိုးရောဂါသည် မည်သည့်လက္ခဏာများ ပြသပါသနည်း

ရောဂါပိုး ကူးစက်ဝင်ရောက်ပြီးနောက် ၇ ရက်မှ ၁၄ ရက်ခန့် ကြာသောအခါ ရောဂါလက္ခဏာ စတင် ပြသသည်။ ဖျားခြင်း၊ မျက်စိနာခြင်းနှင့် လည်ပင်းအကြိတ်ရောင်ခြင်းများ ဖြစ်ပွားပါသည်။ ၅ ရက်မှ ၁၀ ရက် ကြာသောအခါ အနီအဖုအပိန့် ထွက်ခြင်းသည် မျက်နှာမှ စတင်ပြီးနောက် ဦးခေါင်းပိုင်းမှ ခြေထောက်သို့ ပျံ့နှံ့သွားပါသည်။ အပိန့်များသည် နီမြန်းလျက် အဖုအကွက်များဖြစ်သည်။ ဂျိုက်သိုးအဖုအပိန့်များသည် ပန်းရောင်ဖြစ်ပြီး ဝက်သက်အဖုအပိန့်ထက် အရောင်ဖျော့သည်။ အဖုအပိန့်များသည် တစ်ရက်မှ သုံးရက် ကြာသည်။ ဂျိုက်သိုးရောဂါပိုး ကူးစက်ခံရသူ (၂၀%) မှ (၅၀%) သည် အပိန့် မထွက်ကြပါ။ အသက်ကြီးသူ အမျိုးသမီး (၇၀%) သည် အဆစ်နာခြင်း၊ တောင့်ခြင်းများ ဖြစ်တတ်သည်။ မွေးရာပါဂျိုက်သိုးရောဂါဖြင့် မွေးဖွားလာသော တစ်နှစ်အောက်အရွယ် ကလေးငယ်များတွင် အများအားဖြင့် မျက်စိတိမ်စွဲခြင်း၊ နားမကြားခြင်း လက္ခဏာများ ပြတတ်သော်လည်း (၂) နှစ်မှ (၄) နှစ်အထိ ရောဂါလက္ခဏာများ ပြသခြင်း မရှိတတ်ပါ။ ဉာဏ်ရည်မမီခြင်း ဖြစ်တတ်သည်။

👉 ဂျိုက်သိုးရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ

လူကြီးများတွင် ကလေးများထက် နောက်ဆက်တွဲပြဿနာများ ပိုမို၍ ဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားသူ (၆,၀၀၀) တွင် (၁) ဦးမှာ ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလေ့ရှိပြီး အမျိုးသမီးကြီးများတွင် ပိုမို၍ ဖြစ်ပွားသည်။ ရောဂါဖြစ်ပွားသူ (၃,၀၀၀) တွင် (၁) ဦးခန့် သွေးယိုစီးခြင်း ပြဿနာဖြစ်ပွားလေ့ ရှိပါသည်။ ကလေးများတွင် ဖြစ်လေ့ရှိသည်။ ရှားပါးစွာဖြင့် Guillain Barre Syndrome ဖြစ်ပွားနိုင်ပါသည်။

👉 ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါကို ကုသပုံ

ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါ ကုသရန်အတွက် တိကျသော ကုသနည်းမရှိပါ။ မွေးရာပါ ဂျိုက်သိုးရောဂါ ဖြစ်ပွားသူ ကလေးငယ်များ၏ ရောဂါဝေဒနာများအလိုက် လိုအပ်သော အထောက်အကူပြု ကုသမှုများ ပေးရမည်။

👉 ဂျိုက်သိုးရောဂါ မဖြစ်ပွားစေရန် ကာကွယ်နည်း

ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါကို စိတ်ချရပြီး ထိရောက်သော ဂျိုက်သိုးရောဂါ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ ကလေးများ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဝက်သက်ရောဂါ၊ ပါးကြိတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် ပေါင်းစပ်၍ ဝက်သက်-ပါးကြိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MMR) အဖြစ် ထိုးနှံပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအဖြစ် အသက် (၉) လတွင် ထိုးပေးသည်။ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံအချို့တွင် ကလေးများ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တွင် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးခြင်းဖြင့် ဂျိုက်သိုးရောဂါကင်းစင် ပပျောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ တစ်နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုကို (၈၀%) ကျော် ရရှိစေပြီး ရေရှည်ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ထားခြင်းဖြင့် အသက်ကြီးသော လူအုပ်စုများသို့ ဂျိုက်သိုးရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် အရေးကြီးပါသည်။ မွေးရာပါ ဂျိုက်သိုးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးပေးရမည့် အဓိကမူလဦးတည်ရမည့်အုပ်စုမှာ ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ် အမျိုးသမီးများ ဖြစ်ပါသည်။

👉 ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ပါဝင်သောကာကွယ်ဆေးများ

ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး (MR)၊ ဝက်သက်-ဂျိုက်သိုးနှင့် ပါးကြိတ်ရောင်ရောဂါ ကာကွယ်ဆေး (MMR vaccine) များကို အေးခဲခြောက်အမှုန့်အသွင်အဖြစ် ဖော်စပ်ထားပါသည်။ ဖျော်စပ်ရည်နှင့်တွဲ၍ ပါသည်။ အသုံးမပြုမီ ဖော်စပ်ပြုပြင်ရပါမည်။

👉 ဂျိုက်သိုးရောဂါကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေးများ၏ အန္တရာယ်ကင်းရှင်းမှုနှင့် ဘေးထွက်ဆိုးကျိုးများ

ဂျိုက်သိုးပါဝင်သော ကာကွယ်ဆေးများကြောင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာများသည် ကလေးများတွင် ပြင်းထန်ခြင်းမရှိပါ။ ကာကွယ်ဆေးထိုးပြီး နောက်တစ်ပတ်မှ သုံးပတ်ကာလအတွင်းတွင် ဂျိုက်သိုးကာကွယ်ဆေးသည် အပျိုဖော်ဝင်ပြီးအရွယ် အမျိုးသမီး လေးဦးတွင် တစ်ဦးသည်အဆစ်အမြစ် ရောင်ရမ်းခြင်း ယာယီ ဖြစ်တတ်သည်။ ကလေးများတွင် အလွန်ဖြစ်ခဲသည်။ လေ့လာမှုများကို ပြန်လည်ဆန်းစစ်ချက်အရ နာတာရှည် အဆစ်အမြစ်ရောဂါ ဖြစ်ပွားခြင်းသည် ဂျိုက်သိုးပါဝင်သော ကာကွယ်ဆေးများနှင့် ဆက်နွယ်မှုရှိသည်ကို မတွေ့ရပါ။

👉 ဂျိုက်သိုးရောဂါကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေးများကို ထိုးနှံနိုင်သည့်အချိန်

ဂျိုက်သိုးရောဂါကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေးများကို အသက် (၉) လမှ စတင်ထိုးနှံနိုင်ပါသည်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ဝက်သက်ကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေးများနှင့်တွဲလျက် နှစ်ကြိမ် ထိုးပေးနိုင်ပါသည်။ နိုင်ငံများအနေဖြင့် ကလေးကြီးများ၊ ကြီးကောင်ဝင်ချိန်များနှင့် လူကြီးများအား ကာကွယ်ဆေးထိုးပေးသော အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်ကို ရေးဆွဲသင့်ပါသည်။

🔴 အဓိကအချက်များ

⭐ ဂျိုက်သိုးရောဂါနှင့် မွေးရာပါ ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်သည်။

⭐ ဂျိုက်သိုးရောဂါသည် ပုံမှန်အားဖြင့် ကလေးအရွယ်တွင် ဖြစ်ပွားလေ့ရှိသော သာမန်ရောဂါမျှသာ ဖြစ်သော်လည်း အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်စောစောပိုင်းကာလတွင် ဂျိုက်သိုးဗိုင်းရပ်စ်ပိုး ကူးစက်ခံရလျှင် သန္ဓေသားထံသို့ ရောဂါပိုးကူးစက်စေပြီး ကလေး သေဆုံးခြင်းနှင့် မွေးရာပါ ဂျိုက်သိုးရောဂါများ ဖြစ်ပွားနိုင်ပါသည်။

⭐ ဂျိုက်သိုးရောဂါပိုးကူးစက်ခံရသူ (၂၀%) မှ (၅၀%) သည် အနီအဖုအပိန့်ထွက်ခြင်း မတွေ့ရပါ။

⭐ မွေးရာပါဂျိုက်သိုးရောဂါတွင် နားမကြားခြင်း၊ မျက်စိတိမ်စွဲခြင်းနှင့် ဉာဏ်ရည်နိမ့်ကျခြင်း ပါဝင်သော ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

⭐ ဝက်သက်ကာကွယ်ဆေးနှင့်တွဲလျက် ဂျိုက်သိုးရောဂါကာကွယ်ဆေး MR/MMR vaccine ကို ထိုးပေးခြင်းဖြင့် ဂျိုက်သိုးရောဂါ၊ မွေးရာပါ ဂျိုက်သိုးရောဂါများ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ကို ရောက်ရှိနိုင်ပါသည်။

Source:

ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)

https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်)

———————————-

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)

https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)

https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles)

https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)

https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

၆။ မေးခိုင်ရောဂါ (Tetanus)

https://www.facebook.com/MoHNUGMyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl

၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)

https://www.facebook.com/MoHNUGMyanmar/posts/pfbid0osdzW1B9Sa5iHX9LZBYK7vAzP8vdNbRcsQuwgpdSm8UkPyfcCjDQXnCwfQhLz5i4l

၈။ Haemophilus influenzae type b (Hib) ရောဂါ

https://www.facebook.com/MoHNUGMyanmar/posts/pfbid02so8az7TkGmGhqAdvJVAoXwP7YaLpvRy7im6K2BwDXtQ9gy7krqy1eiYbZTiQQzE6l

၉။ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis – JE)

https://www.facebook.com/MoHNUGMyanmar/posts/pfbid02f5kQe3tUKRaEWbJaW91r5xUCcWvKoAbwqrPWjmCWjPDH4nzUD3KycGWxcfbHJEdhl

၁၀။ တီဘီရောဂါ (Tuberculosis)

https://www.facebook.com/MoHNUGMyanmar/posts/pfbid0Pt14hhAcoDSnyH7BQ8GoCm1FB52673wfg5ZoqjHVV8sMbhsNxtHnsRKCTu1pxLMXl

#nugmoh#VPD#Rubella#CongenitalRubellaSyndrome#Pregnancy#MR#MMR

Ministry of Health,

National Unity Government.

Published on: 11 February 2023
Last Updated: 11 February 2023