Vaccine-Preventable Diseases – VPDs: Pneumococcal disease (March, 2023)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁၂။ ပြင်းထန်အဆုတ်ရောင်ရောဂါ (Pneumococcal disease)

👉 ပြင်းထန်အဆုတ်ရောင်ရောဂါဆိုသည်မှာ အဘယ်နည်း

ပြင်းထန်အဆုတ်ရောင်ရောဂါ ဆိုသည်မှာ Streptococcus pneumoniae (Pneumococcus) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပါသည်။ ကိုယ်ခန္ဓာ အနှံ့အပြားတွင် ဖြစ်ပွားသည်။ ဤရောဂါပိုးသည် အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးဆိပ်တက်ခြင်းစသော ပြင်းထန်သောရောဂါများကို အများအားဖြင့်ဖြစ်နိုင်ပြီး နားအလယ်ခန်းရောင်ရမ်းခြင်း၊ နှာခေါင်းလေအိပ် ရောင်ရမ်းခြင်းစသော မပြင်းထန်သောရောဂါများလည်း ဖြစ်စေနိုင်ပါသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုများ ပိုမိုမြင့်မားသော်လည်း ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ၏ အဓိကအကြောင်းရင်း ဖြစ်ပါသည်။ အသက်အလွန်ငယ်သော ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များဆုံးဖြစ်ပါသည်။ တစ်နှစ်အောက်ကလေးများအတွက် မိခင်နို့ မတိုက်ခြင်းနှင့် အိမ်တွင်းမီးခိုးများသည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေနိုင်သည့် အန္တရာယ်များ ဖြစ်ပါသည်။ ခုခံအားကျကူးစက်ရောဂါပိုး ကူးစက်ခံထားရခြင်း (HIV Infection)၊ သရက်ရွက် ပျက်စီးခြင်း (Asplenia)၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် လတ်တလော တုပ်ကွေးရောဂါဖြစ်ထားခြင်းတို့သည် အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်အကြောင်းတရားများ ဖြစ်သည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါ မည်ကဲ့သို့ပျံ့နှံ့ပါသနည်း

ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အနီးကပ်ထိတွေ့ခြင်းဖြင့် တစ်ဦးမှတစ်ဦး ကူးစက်သည်။ လူနာ၏ အသက်ရှူလမ်းကြောင်းမှ ထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှလည်းကောင်း၊ နှာခေါင်းနှင့် လည်ချောင်းတို့တွင် ပိုးသယ်ဆောင်ထားသည့် ကျန်းမာသော လူကောင်းများ (Healthy carrier) မှတစ်ဆင့် ကူးစက်နိုင်သည်။ အချို့လူအုပ်စုများတွင် ကျန်းမာလျက် ပိုးသယ်ဆောင်ထားသူ (၇၀) ရာခိုင်နှုန်း ထိရှိနိုင်သည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါ၏ ရောဂါလက္ခဏာများ

ရောဂါပိုးဝင်သောနေရာအလိုက် ရောဂါလက္ခဏာအမျိုးမျိုး တွေ့ရသည်။ ဖျားခြင်း၊ ချမ်းတုန်ခြင်း ဖြစ်နိုင်သည်။ ကလေးများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်ခြင်းများ ဖြစ်သည်။ ကလေးကြီးများတွင် မောခြင်း၊ အသက်ရှူသွင်းလျှင်၊ ချောင်းဆိုးလျှင် နာခြင်းများ ခံစားရနိုင်သည်။ ဦနှောက်အမြှေးရောင်ရောဂါဖြစ်သော လူနာများတွင် ခေါင်းကိုက်ခြင်း၊ အလင်းရောင် မခံနိုင်ခြင်း၊ ဇက်တောင့်ခြင်း၊ တက်ခြင်းနှင့် တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းများ ဖြစ်တတ်သည်။ နားအလယ်ခန်း ရောင်ခြင်း (သို့မဟုတ်) နှာခေါင်းလေအိပ်ခန်း ရောင်ခြင်း ဖြစ်လျှင် နာခြင်း၊ ရောင်ခြင်း၊ ပြည်ယိုခြင်းများ ဖြစ်တတ်သည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ

ပြင်းထန်အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲပြဿနာအဖြစ် သွေးဆိပ်တက်ခြင်း (သွေးထဲတွင် ဘက်တီးရီးယား ပျံ့နှံ့ခြင်း) (septicaemia)၊ ရင်ခေါင်းအတွင်း ပြည်တည်ခြင်း (empyema) နှင့် အဆုတ်အတွင်း ပြည်တည်ခြင်း (lung abscess) ဖြစ်နိုင်သည်။ ဦးနှောက်အမြှေးရောင်ဖြစ်ပွားပြီး အသက်ရှင်ကျန်သူများသည် နားထိုင်းခြင်း၊ စိတ်ဉာဏ်ရည် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ လှုပ်ရှားမှူမူမမှန်ခြင်း၊ တက်ခြင်း စသော နောက်ဆက်တွဲပြဿနာ ရှိနိုင်သည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါကို ကုသခြင်း

ပြင်းထန်အဆုတ်ရောင်ရောဂါကို ပဋိဇီဝဆေးများနှင့် ကုသနိုင်သည်။ အချို့နေရာများတွင် ဆေးမတိုးသော ပိုးများလည်း ရှိနိုင်သည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါကို မည်ကဲ့သို့ကာကွယ်နိုင်ပါသနည်း

ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ လူဦးရေထူထပ်မှုနှင့် အိမ်တွင်းလေထု ညစ်ညမ်းမှု စသည်တို့ကို လျှော့ချ၍ နေထိုင်မှုအခြေအနေများ ကောင်းမွန်စေခြင်း၊ အာဟာရ အခြေအနေ ကောင်းမွန်စေခြင်းတို့သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားခြင်းနှင့် သေဆုံးမှုကို လျှော့ချနိုင်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းလောက် မထိရောက်ပါ။

👉 ကမ္ဘာတစ်ဝန်း ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရန် မည်ကဲ့သို့ ဆောင်ရွက်နေပါသနည်း

ကာကွယ်ဆေးထိုးနှံခြင်းသည် အခြားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဆီလျော်သော ကုသမှုပေးခြင်း၊ မွေးပြီး ပထမခြောက်လတွင် မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း၊ ဆေးလိပ်မီးခိုးနှင့် အိမ်တွင်းမီးဖိုချောင်မီးခိုးများ စသည့် သိထားပြီးသော အန္တရာယ်အကြောင်းတရားများကို လျှော့နည်းစေခြင်းတို့နှင့်အတူ တွဲဖက်ဆောင်ရွက်ရသော လုပ်ငန်းအစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။

👉 ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးဆိုသည်မှာ အဘယ်နည်း?

Pneumococcal Polysaccharide Vaccines နှင့် Pneumococcal Conjugate Vaccines (PCV) ဟူ၍ နှစ်မျိုးရှိပါသည်။ PCV သည် တာရှည်သော ကာကွယ်မှုကို ပေးပြီး ကလေးများတွင် ပိုမိုထိရောက်ပါသည်။ ကာကွယ်ဆေးသည် ပါဝင်သော မျိုးကွဲနမိုးနီးယာပိုးများ (Serotypes) ကြောင့်ဖြစ်သည့် အဆုတ်ရောင်ရောဂါကိုသာ ကာကွယ်ပေးသည်။ အခြားအမျိုးအစားကွဲများကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါများကို ကာကွယ်ခြင်း မပြုနိုင်ပါ။ ကျန်းမာရေးပညာပေးသောအခါ ယင်းအချက်ကို အလေးထားပြောကြားရမည်။ မြန်မာနိုင်ငံတွင် သုံးကြိမ်ထိုးရသော အခြားကာကွယ်ဆေးများနည်းတူ မူလကာကွယ်ဆေးသုံးကြိမ်ကို တစ်ကြိမ်နှင့် တစ်ကြိမ် (၂) လခြား၍ ထိုးနှံပေးရပါမည်။ အနည်းဆုံး တစ်လခြား ထိုးနှံပေးရပါမည်။

🔴 ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း အဓိက အချက်အလက်များ

⭐ ပြင်းထန်အဆုတ်ရောင်ရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက်ကလေး သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။
⭐ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးသည် ကိုယ်ခန္ဓာအနှံအပြားတွင် ကူးစက်ဝင်ရောက်သည်။ အဖြစ်များသည့် ပြင်းထန်သော ရောဂါများမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးအဆိပ်တက်ရောဂါများ ဖြစ်ပါသည်။ ကျန်းမာလျက် ရောဂါပိုးသယ်ဆောင်သူများနှင့် လူနာများသည် ရောဂါကို ပျံ့နှံ့စေပါသည်။
⭐ ကာကွယ်ဆေးထိုးခြင်းသည် ကလေးများ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချရန် ကာကွယ်၊ တားဆီး၊ ကုသသော ပြီးပြည့်စုံသည့် ပေါင်းစည်းလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါသည်။
⭐ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးသည် ယင်းကာကွယ်ဆေးတွင် ပါဝင်သော အမျိုးအစားကြောင့် ဖြစ်ပွားသော ရောဂါများကိုသာ ကာကွယ်ပါသည်။ အခြား ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော အလားတူရောဂါများ (နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ) ကို မကာကွယ်နိုင်ပါ။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်)

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

၆။ မေးခိုင်ရောဂါ (Tetanus)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl

၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0osdzW1B9Sa5iHX9LZBYK7vAzP8vdNbRcsQuwgpdSm8UkPyfcCjDQXnCwfQhLz5i4l

၈။ Haemophilus influenzae type b (Hib) ရောဂါ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02so8az7TkGmGhqAdvJVAoXwP7YaLpvRy7im6K2BwDXtQ9gy7krqy1eiYbZTiQQzE6l

၉။ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis – JE)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02f5kQe3tUKRaEWbJaW91r5xUCcWvKoAbwqrPWjmCWjPDH4nzUD3KycGWxcfbHJEdhl

၁၀။ တီဘီရောဂါ (Tuberculosis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0Pt14hhAcoDSnyH7BQ8GoCm1FB52673wfg5ZoqjHVV8sMbhsNxtHnsRKCTu1pxLMXl

၁၁။ ဂျိုက်သိုးရောဂါနှင့် မွေးရာပါဂျိုက်သိုးရောဂါ (Rubella and congenital rubella syndrome)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0ZPCxuso4JPgda28HeJc9qyq2CdhVEUUfgQQtcEDJxZgcgzuZ5UpwwusP4jsiNVYAl

nugmoh #VPD #PneumococcalDisease #StreptococcusPneumoniae #Pneumococcus #Pnemonia #Lungs #Respiratory

Ministry of Health,

National Unity Government.

Published on: 21 March 2023
Last Updated: 21 March 2023