Vaginal Thrush ( January 2022)

မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း)

မိန်းမကိုယ် ယားယံခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ မိန်းမကိုယ် မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ သူ့တချို့လူနာတွေမှာရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားယားယံတာပါ။  မခံနိုင်လွန်းလို့ လက်သည်းနဲ့ ကုတ်ရင်း အရေပြားနေရာတွေပေါက်ပြဲ၊ ဆီးသွားဖို့တောင်ခက်ခဲတာမျိုးအထိတွေ့ဖူးပါတယ်။

ရောဂါလက္ခဏာများ

မိန်းမကိုယ်နေရာတဝိုက်မှာ

  • ယားယံတာ
  • ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက်ခံစားရတာ
  • ရောင်ရမ်းတာ
  • နာကျင်တာ

အခြားလက္ခဏာများ

  • ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ
  • ဆီးပူ၊ ဆီးကျင်တာ
  • အမျိုးသားနှင့်အတူနေချိန် နာကျင်တာ
  • (တချို့တွေမှာ မိန်းမကိုယ် အနံ့ဆိုးတာ ဖြစ်တတ်ပါတယ်)

ဘာကြောင့်ဖြစ်တာလဲ ?

Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဲဒီ့မှိုရောဂါပိုးဟာ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ထဲမှာ ပုံမှန်အားဖြင့် အနည်းငယ်ရှိတတ်ပြီး အန္တရာယ်မရှိပါဘူး။ သူ့ရဲ့ပုံမှန်အခြေအနေပျက်သွားပြီး ရှိသင့်တာထက်ပိုပွားလာရင်တော့ ရောဂါလက္ခဏာတွေစပြီးဖြစ်လာပါမယ်။

ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲဆိုတော့

  • ဆီးချိုရောဂါရှိသူတွေ
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
  • ပိုးသတ်ဆေး/ စတီးရွိုက်ဆေးသောက်နေတဲ့သူတွေ
  • ကိုယ်ခံအားနည်းသူတွေမှာ ပို၍ဖြစ်တတ်ပါတယ်

အခြားဖြစ်နိုင်ခြေတွေကတော့

  • ကိုယ်ဝန်တားဆေးသောက်နေတဲ့သူတွေ
  • သားအိမ်ထဲ ကိုယ်ဝန်တား ပစ္စည်းထည့်ထားသူတွေ
  • အိပ်ရေးပျက်လွန်းသူတွေ
  • စိတ်ဖိစီးမှုများသူတွေ
  • ရာသီလာခါနီးနှင့်၊ ရာသီလာနေချိန်
  • လိင်ဆက်ဆံတာ
  • ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်လေ့ရှိသူတွေ
  • နိုင်လွန်အတွင်းခံဘောင်းဘီဝတ်လေ့ရှိသူတွေ
  • ရေကူးပြီး ရေကူးဝတ်စုံအစိုနဲ့ အကြာကြီးဆက်နေလေ့ရှိသူတွေ
  • ကိုယ်အလေးချိန်များတဲ့သူတွေ

ကုသနည်း

မှိုသတ်ဆေးပါတဲ့ လိမ်းဆေး၊ သောက်ဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေရောဂါအခြေအနေပေါ်မူတည်ပြိး ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့် ၃-၄ ရက်ဆို သက်သာသွားတတ်ပါတယ်။

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဆိုရင် ကလေးအပေါ် ဆေးရဲ့ဘေးထွက်ဆိုးကျိုးမရအောင် ဆရာဝန်ကို မိမိမှာ ကိုယ်ဝန်လွယ်ထားကြောင်း အသိပေးပါ။

ယားယံတာ၊ နေရထိုင်ရမသက်မသာဖြစ်တာတွေအတွက် ဆားဆော်ဒါအမှုန့် ( bicarbonate of soda)  တဇွန်းကို ရေခပ်နွေးနွေး ၁ လီတာမှာဖျော်ပြီး မိန်းမကိုယ်သန့်ရှင်းရေးလုပ်ပါ။တနေ့ ၂ကြိမ်-၃ကြိမ်သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

ကာကွယ်နည်း

  • ဂျင်းဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာရှောင်ပါ။
  • ချည်သားအတွင်းခံ ပွပွကိုဝတ်ပါ။
  • မိန်းမကိုယ်ကို ဆပ်ပြာနဲ့ ဆေးတာက မိန်းမကိုယ်အတွင်းပိုင်းခြောက်စေပြီး Candida မှို လိုတာထက်ပိုပွားလာတာမျိုးစွဲတာမျိုးဖြစ်စေလို့ ရှောင်ကျဉ်ပါ။
  • ရေချိုး၊ အိမ်သာသွားပြီးလျှင် မိန်းမကိုယ်ကိုသေချာခြောက်သွေ့အောင်သုတ်ပါ။
  • အတွင်းခံလျှော်ဖွပ်ပြီး သေချာမခြောက်သေးခင် ဝတ်တာမျိုးရှောင်ပါ။
  • မိန်းမကိုယ်မှိုစွဲနေစဉ် လိင်ဆက်ဆံတာရှောင်ပါ

ကိုယ်ဝန်ဆောင် မိခင်များအတွက်

မိန်းမကိုယ်မှိုစွဲတာကို သေချာကုမထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကနေ သဘာဝအတိုင်းမွေးလာတဲ့ ကလေးလေးမှာ တခြားကလေးတွေထက် မှက်ခရုဖြစ်နိုင်ခြေပိုများပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အဖြူတွေအရမ်းဆင်းပြီး မိန်းမကိုယ်ယားရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မရှက်ပါနဲ့။

အထူးသတိပေးချက်

မိန်းမကိုယ်မှိုစွဲခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေက တခြားရောဂါတွေနဲ့ ဆင်တူဖြစ်နေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Reference: Murtagh’s Patient Education, six edition: Vaginal Thrush
————————————————–

NUG-MOH တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းမှာ နေ့တိုင်း မနက် (၈) နာရီကနေ ညနေ (၆) နာရီအထိ ဆရာဝန်တွေနဲ့ အခမဲ့ ပြသနိုင်တယ်နော် …

ဆေးခန်းပြချင်ရင် တယ်လီကျန်းမာ ရဲ့ messenger (cb) ကတဆင့် ဘိုကင်တင်လို့ရပါတယ်။

တယ်လီကျန်းမာ ဆေးခန်းလိပ်စာ Link-
https://m.me/telehealthmm

“NUG MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

Ministry of Health,

National Unity Government.

Published on: 25 January 2022
Last Updated: 25 January 2022