Varicose Vein ( May, 2022 )

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ( May, 2022 )

👉 ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ?

ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။

အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့) မလုံတော့ရင် သွေးတွေ အောက်ပြန်စီးကျပြီး ၊ ခြေထောက်မှာ သွေးတွေအိုင်လာကာ ခြေထောက်သွေးကြောထုံးရောဂါ ၊ တစ်နည်းအားဖြင့် သွေးကြောဖောင်းရောဂါ/ ခြေထောက်သွေးကျရောဂါ ဖြစ်နိုင်ပါတယ်။

👉 ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်ဖို့ ရာခိုင်နှုန်းများလာတတ်ပါတယ်။ ဒါပေမယ့် အသက် (၁၈)နှစ်အရွယ်ကတည်းကလည်း စတင်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်…
– ဝသောသူများ
– ကိုယ်ဝန်ဆောင်မိခင်များ
– မိသားစုမှာ ထိုရောဂါ ရှိဖူးသူများ
– ဆေးလိပ်သောက်သူများ
– ဝမ်းချုပ်တတ်သူများ
– အလုပ်မှာ အချိန်ကြာကြာမတ်တပ်ရပ်၍ အလုပ်လုပ်ရသူများ( ဥပမာ-ကျောင်းဆရာ/မ၊ ဆရာ၀န်၊ သူနာပြု၊ စတိုးဆိုင်ဝန်ထမ်းများ )မှာ ဖြစ်လေ့ရှိပါတယ်။

👉 ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့…

• ဦးစွာ ခြေထောက်မှာ အပြာရောင်သန်းတဲ့ သွေးကြောထုံးလေးတွေကို ပင့်ကူမျှင်ကဲ့သို့ စပြီးတွေ့ရ တတ်ပါတယ်
• မတ်တပ်ရပ်တဲ့အခါမှာ ပိုပြီးထင်ရှားတတ်ပါတယ်
• ပထမပိုင်းမှာ ခြေထောက် လေးသလိုသာခံစားရပြီး တစ်ခါတရံ ပူတတ်ပါတယ်။ နာကျဉ်ခြင်းမရှိပါ။
• နောင် သွေးကြောထုံး ကြီးလာတာနဲ့အမျှ နာလာပြီး ယားယံလာနိုင်ပါတယ်။ ယားလို့ ကုတ်တဲ့အခါ အနာဖြစ်သွားပြီး ထ်ိုအနာများဟာ ပျောက်ရန် အလွန်ခက်တတ်ပါတယ်။ (venous ulcer is a stubborn ulcer.) ခြေမျက်စိနားမှာ အဖြစ်များပါတယ်။

👉 သွေးကြောထုံး အဖြစ်များတဲ့နေရာတွေကတော့

ခြေကျင်း၀တ်မှ ဒူးခေါက်ကွေး (သို့) ပေါင်ရင်းအထိ ဖြစ်နိုင်ပါတယ်။ အတွင်းဖက်ပိုင်း ခြေသလုံး တစ်လျှောက်မှာ ပိုအဖြစ်များပါတယ်။

👉 ကုသမှုအနေနဲ့…

(၁) မိမိကိုယ်တိုင်ဂရုစိုက်လုပ်နိုင်သော ကုသမှုမှု

• မတ်တပ်မလှုပ်မယှက် အကြာကြီးရပ်ခြင်းကို တတ်နိုင်သလောက် ရှောင်ပြီး ခြေထောက်ကို မကြာခဏ အကွေးအဆန့်လုပ်ပေးခြင်း

• ခြေထောက်ကို ခန္ဓာကိုယ်အထက် မြှောက်ထားခြင်း (သို့) ခုံတစ်ခုခုပေါ်တင်ထားခြင်း

• မတ်တပ်အကြာကြီးရပ်ရမည်ဆိုပါက Stockings များကြိုတင်ဝတ်ဆင်ခြင်း စတာတွေကို လုပ်ဆောင်ပေးရပါမယ်။

• ဒါ့အပြင် ယားယံတဲ့အခါ ကုပ်တာကို ရှောင်ကျဉ်ဖို့လည်း အရေးကြီးပါတယ်။

(၂) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း

သွေးကြောထုံးတယ်/ ခြေထောက်သွေးကျတယ်လို့ ယူဆမိရင် ဆရာ၀န်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သိပ်မဆိုးသေးရင် အထက်ဖော်ပြပါ ကိုယ်တိုင်လိုက်နာရန်များဆောင်ရွက်ပြီး သောက်ဆေးနဲ့ ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။
လိုအပ်မှသာ ဆရာ၀န်က ခွဲစိတ်ကုသဖို့ အကြံပေးမှာဖြစ်ပါတယ်။

👉 ခွဲစိတ်ကုသမှုအကြောင်း သိကောင်းစရာ

ခွဲစိတ်ရမယ်ဆိုရင်တော့ အဓိကအကြောင်းရင်းဖြစ်တဲ့ အဆို့ရှင်မကောင်းတဲ့သွေးပြန်ကြောတစ်ခုလုံး ကို ဖယ်ရှားမှသာ ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ပျောက်ကင်းသွားတယ်ဆိုပေမယ့် ကျန်ရှိနေတဲ့ သွေးပြန်ကြောတွေရဲ့ အဆို့ရှင်မကောင်းရင်လည်း ပြန်ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် အပေါ်မှာပြောထားတဲ့ လိုက်နာရှောင်ကျဉ်ရမည့်အချက်တွေကို ခွဲပြီးရင်လည်း ဆက်လက်လိုက်နာဆောင်ရွက်နေရမှာပါ။

***နောက်ဆက်တွဲလက္ခဏာဖြစ်တဲ့ အနာ ဖြစ်မှခွဲမယ်ဆိုရင်တော့ အနာကျက်ဖို့ကို အတော်လုပ်ယူပြီးမှ သွေးပြန်ကြောကိစ္စကိုကုသရမှမို့ မလိုအပ်ပဲ နာတာရှည်စေမှာ ဖြစ်ပါတယ်***

ဒါကြောင့် ခြေထောက်မှာ သွေးကြောထုံးလေးတွေ စသတိထားမိပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပိုဆိုးမလာအောင် စောစီးစွာ ကုသသင့်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာမိသားစု

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 11 May 2022
Last Updated: 11 May 2022