Tetanus (မေးခိုင်ရောဂါ) ( December, 2022)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၆။ မေးခိုင်ရောဂါ (Tetanus)

မေးခိုင်ရောဂါသည် နေရာတိုင်း၌ မြေကြီးထဲတွင် ရှိနိုင်သော Clostridium tetani ဟု ခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည်။ အဆိုပါ ဘက်တီးရီးယားပိုးဥများသည် ထိခိုက်ဒဏ်ရာ (သို့မဟုတ်) ပြတ်ရှရာအတွင်းသို့ မြေကြီးဝင်ရောက်သောအခါ ကူးစက်ရောက်ရှိသွားနိုင်ပါသည်။ ၎င်းပိုးများမှ ထုတ်သည့် အဆိပ်များကြောင့် ပြင်းထန်နာကျင်သော ကြွက်သားအကြောဆွဲခြင်းကို ဖြစ်ပွားစေပြီး အသက်သေဆုံးသည်ထိ ဖြစ်စေနိုင်ပါသည်။ မွေးကင်းစကလေးငယ်များတွင် မွေးကင်းစမေးခိုင်ရောဂါနှင့် မိခင်များတွင် မိခင်မေးခိုင်ရောဂါများ ဖြစ်ပွားစေပြီး ပိုးသန့်စင်သော နည်းလမ်းများ အသုံးမပြုသည့် အိမ်တွင်းမွေးဖွားခြင်း ပြုလုပ်ကြသော နေရာဒေသများတွင် စိုးရိမ်ဖွယ်ရာ ပြဿနာတစ်ရပ် ဖြစ်ပါသည်။

 မေးခိုင်ရောဂါ ကူးစက်ပြန့်ပွားပုံ

မေးခိုင်ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း မရှိပါ။ အသက်အရွယ်မရွေး ဘက်တီးရီးယားပိုးသည် ထိခိုက်ဒဏ်ရာများ (သို့မဟုတ်) အနာများ အတွင်းသို့ မသန့်ရှင်းသော သံချောင်းများ၊ ဓားများ၊ ကိရိယာတန်ဆာပလာများ၊ သစ်သားစများ၊ ကလေးမွေးဖွားရာတွင် အသုံးပြုသည့် မသန့်ရှင်းသော ကိရိယာများ (သို့မဟုတ်) တိရစ္ဆာန်ကိုက်သည့် နက်သော ဒဏ်ရာများမှတဆင့် ကူးစက် ဝင်ရောက်နိုင်ပါသည်။ ဘက်တီးရီးယားပိုးသည် နက်သောဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများနှင့် ကြေမွဒဏ်ရာများတွင် ကောင်းစွာ ပေါက်ပွားနိုင်ပါသည်။

မွေးကင်းစကလေးငယ်များတွင် မွေးဖွားစဉ် မသန့်ရှင်းသော ဖျာများ (သို့မဟုတ်) ကြမ်းပြင်များပေါ်တွင် မွေးဖွားသောအခါ၊ ချက်ကြိုးဖြတ်ရာ၌ မသန့်ရှင်းသော ကိရိယာများကို အသုံးပြုသောအခါ၊ မသန့်ရှင်းသော ပစ္စည်းများကို အသုံးပြု၍ ချက်ကြိုးဆေးထည့်သောအခါ (သို့မဟုတ်) ကလေးမွေးဖွားစဉ် မွေးဖွားပေးသူ၏ လက်များ သန့်ရှင်းမှု မရှိခြင်းများကြောင့်လည်း မေးခိုင်ရောဂါပိုး ကူးစက်ဝင်ရောက်နိုင်ပါသည်။

တစ်နှစ်အောက်ကလေးငယ်များနှင့် အသက်ကြီးသော ကလေးငယ်များတွင် လိင်တံအရေပြား လှီးဖြတ်ခြင်း၊ အရေပြား ကုတ်ခြစ်ခြင်း၊ အရေပြားကို ထွင်းဖောက်ခြင်းများ ပြုလုပ်စဉ် မသန့်ရှင်းသော ပစ္စည်းကိရိယာများကို အသုံးပြုခြင်းကြောင့်လည်းကောင်း၊ ဖုန်မှုန့်များ၊ မီးသွေးမှုန့်များ (သို့မဟုတ်) မသန့်ရှင်းသော အရာဝတ္ထု ပစ္စည်းများကို ဒဏ်ရာအတွင်းသို့ ပွတ်လိမ်းခြင်းကြောင့်လည်းကောင်း မေးခိုင်ရောဂါ ကူးစက်ဖြစ်ပွားနိုင်သည်။

 မေးခိုင်ရောဂါ လက္ခဏာများ

ရောဂါပျိုးချိန်သည် ပုံမှန်အားဖြင့် (၃) ရက်မှ (၂၁) ရက် ကြာမြင့်ပါသည်။ သို့ရာတွင် ဒဏ်ရာ၏ အနေအထားပေါ် မူတည်၍ လပေါင်းများစွာလည်း ကြာမြင့်နိုင်ပါသည်။ ရောဂါပျိုးချိန် တိုတောင်းလေ၊ အသက်ဆုံးရှုံးမှု အန္တရာယ် ပိုမိုများလေ ဖြစ်ပါသည်။ ကလေးများနှင့် လူကြီးများတွင် မေးရိုးကြွက်သားများ တောင့်တင်းခြင်း (မေးခိုင်ခြင်း) သည် အဖြစ်များသော မေးခိုင်ရောဂါ၏ ပထမဆုံးသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပါသည်။ ထို့နောက် လည်ပင်းတောင့်ခြင်း၊ ဝမ်းဗိုက်နှင့် နောက်ကျော ကြွက်သားများ တောင့်တင်းခြင်း၊ အစာ/ရေ မျိုရန် ခက်ခဲခြင်း၊ ကြွက်သားများ တုန့်ဆွဲခြင်း၊ ချွေးထွက်ခြင်းနှင့် ဖျားခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါသည်။

မွေးကင်းစမေးခိုင်ရောဂါဆိုသည်မှာ မွေးပြီးစ ပထမ (၂) ရက်တွင် ကောင်းစွာ နို့စို့နိုင်သည်။ ငိုသည်။  (၃) ရက်မှ (၂၈) ရက် အတွင်း နို့မစို့နိုင်ခြင်း၊ တောင့်ခြင်း (သို့မဟုတ်) တက်ခြင်း တို့ဖြစ်ပွားခြင်းကို ဆိုလိုပါသည်။

 မေးခိုင်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ

အသက်ရှူကြွက်သားများ ထိခိုက်မှု ရှိပါက အသက်ရှူရပ်ပြီး သေဆုံးနိုင်ပါသည်။ မွေးကင်းစကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် သေဆုံးမှုအန္တရာယ် ပိုမိုများပြားပါသည်။ အများအားဖြင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားတတ်ပါသည်။

မေးခိုင်ရောဂါဖြစ်နေစဉ် ကြွက်သားများ တုံ့ဆွဲခြင်းနှင့် တက်ခြင်းတို့ကြောင့် ကျောရိုးနှင့် အခြားအရိုးများ ကျိုးတတ်ပါသည်။ မွေးကင်းစ မေးခိုင်ရောဂါဖြစ်ပွားပြီးနောက် အသက်ရှင် ကျန်ရစ်သူများတွင် နာတာရှည် အာရုံကြော ချွတ်ယွင်းမှုများ ဖြစ်ပွားကြောင်း တွေ့ရပါသည်။

 မေးခိုင်ရောဂါ ကာကွယ်ရေးနည်းလမ်းများ

မေးခိုင်ရောဂါပိုး၏ အဆိပ်ဓာတ်ကို ဖျက်ထားသော အဆိပ်ပျက် (Toxoid) ပါဝင်သော ကာကွယ်ဆေးများ (TTCV -Tetanus Toxoid containing vaccine) သည် မေးခိုင်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကလေးများအား ပေါင်းစပ်ကာကွယ်ဆေးများ၊ ဥပမာ- ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေး (DPT)၊ ငါးမျိုးစပ် ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် + အသည်းရောင်အသားဝါ ဘီ + ဟေမိုဖီလပ် အင်ဖလူယင်ဇာ ဘီ) (သို့မဟုတ်) ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေး (DT) ထိုးနှံပေးနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ငါးမျိုးစပ် ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုးနှံလျက် ရှိပါသည်။ အသက် (၇) နှစ်ကျော်သော ကလေးများကို မေးခိုင်ပိုး အဆိပ်ပျက်နှင့် ဆုံဆို့နာရောဂါပိုး ပဋိဓာတ်အနည်းငယ်ပါဝင်သော (dT) ကာကွယ်ဆေးကို ထိုးနှံပေးသင့်ပါသည်။

ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်စဉ် ကာလနှင့် ကိုယ်ဝန်ဆောင် မဟုတ်သော အချိန်ကာလများတွင် မေးခိုင်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးခြင်းဖြင့် မွေးကင်းစကလေး မေးခိုင်ရောဂါကို ကာကွယ်နိုင်ပါသည်။ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် မိခင်များအား မေးခိုင်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးပြီး၊ မိခင်မှတစ်ဆင့် ကလေးငယ်သို့ မေးခိုင်ရောဂါပဋိပစ္စည်းများ ရောက်ရှိစေပြီး ကလေးငယ်များအား မေးခိုင်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါသည်။

မိခင်များတွင် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်သော်လည်း မီးဖွားချိန်တွင်  သန့်ရှင်းစင်ကြယ်စွာ မွေးဖွားပေးရန် အထူးလိုအပ်ပါသည်။ မွေးကင်းစကလေးအတွက် ချက်ကြိုးကို သန့်ရှင်းစွာ ပြုစုပေးရန်မှာလည်း အလားတူ အရေးကြီးလိုအပ်ချက် ဖြစ်ပါသည်။ ရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ကျန်းမာလာသူများမှာ မေးခိုင်ရောဂါမှ ကာကွယ်နိုင်မှု စွမ်းအား မရရှိပါ။ မေးခိုင်ရောဂါ ထပ်မံ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မေးခိုင်ရောဂါကာကွယ်ဆေး (၆) ကြိမ် ထိုးနှံခြင်း အစီအစဉ်ကို ပြီးစီးသည်အထိ သတ်မှတ်သည့် အကြိမ်ပြည့် ထိုးနှံရန် အကြံပြု ထောက်ခံထားပါသည်။

 မေးခိုင်ရောဂါအကြောင်း အဓိကသိသင့်သောအချက်များ

 မေးခိုင်ရောဂါသည် ပတ်ဝန်းကျင်တွင်ရှိနိုင်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါသည်။

 ကလေးမွေးဖွားစဉ် မသန့်ရှင်းခြင်း၊ မသန့်ရှင်းသော ပစ္စည်းကိရိယာများအသုံးပြု၍ ချက်ကြိုးဖြတ်ခြင်းနှင့် ပြတ်ရှဒဏ်ရာများအတွင်းသို့ မေးခိုင်ရောဂါပိုး ဝင်ရောက်ခြင်းဖြင့် ရောဂါကူးစက်ခံရခြင်း ဖြစ်ပါသည်။မွေးကင်းစကလေး မေးခိုင်ရောဂါသည် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းပြီး မသန့်ရှင်းသော ကလေးမွေးဖွားမှုနှင့် ချက်ကြိုးပြုစုမှု အလေ့အကျင့်များ ရှိသည့် နိုင်ငံများတွင် အရေးကြီးသော ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။

 မွေးကင်းစမေးခိုင်ရောဂါဖြစ်ပွားသော ကလေးအများစုမှာ အသက်ဆုံးရှုံးကြပါသည်။

 မိခင်နှင့်မွေးကင်းစ ကလေးမေးခိုင်ရောဂါ မဖြစ်ပွားစေရန် အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထောက်ခံထားသော TTCV (Tetanus Toxoid containing vaccine) ခြောက်ကြိမ် ထိုးနှံခြင်း အစီအစဉ်ကို အသက်တစ်နှစ်အောက် ကလေးများနှင့် ထပ်မံအကြိမ်များ ထိုးပေးခြင်းဖြင့် လည်းကောင်း၊ နေရာဒေသအားလုံးတွင် ကိုယ်ဝန်ဆောင်မိခင်များကို လည်းကောင်း (မေးခိုင်ရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်မားသော ဒေသများတွင် ကိုယ်ဝန်ဆောင်နိုင်သောအရွယ် အမျိုးသမီးများအားလုံးကို မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း) နှင့် သန့်ရှင်းသော ကလေးမွေးဖွားမှု နှင့် ချက်ကြိုးပြုစုမှု အလေ့အကျင့်များ ဆောင်ရွက်ပေးခြင်း စသည်တို့ ဖြစ်ကြပါသည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)
—————————————

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles) ရောဂါ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

#nugmoh #VPD #Tetanus #ClostridiumTetani

Ministry of Health,

National Unity Government.

Published on: 3 December 2022
Last Updated: 3 December 2022