“မိန်းမကိုယ် ရောင်ရမ်းခြင်း (Vulvitis)”
Vulvitis ဆိုတာ ဘာလဲ
Vulvitis ဆိုတာ အမျိုးသမီးအင်္ဂါ (vulva) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ Vulva လို့ပြောရင် မွေးလမ်းကြောင်း (vagina) ကို ဝန်းရံထားတဲ့ အရေပြားနဲ့အတူ မိန်းမကိုယ်ရဲ့ အပြင်နှုတ်ခမ်း (labia majora) ၊ အတွင်းနှုတ်ခမ်း (labia minora) နဲ့ မိန်းမအင်္ဂါအစေ့ (clitoris) တို့ ပါဝင်ပါတယ်။ ရောဂါပိုးကူးစက်တဲ့အခါ၊ ဓာတ်မတည့်တဲ့အခါနဲ့ ဒဏ်ရာရတဲ့အခါတွေမှာ မိန်းမကိုယ် ရောင်ရမ်းတတ်ပါတယ်။
Vulva သည် ခန္ဓာကိုယ်ရဲ့ ပူနွေးစိုစွတ်တဲ့အပိုင်း ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူပါတယ်။
..
..
Vulvitis နဲ့ Vaginitis နဲ့ ဘာကွာလဲ
Vulvitis ရော Vaginitis ရောဟာ အမျိုးသမီးအင်္ဂါ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ Vulvitis က ခန္ဓာကိုယ်အပြင်ပိုင်း အမျိုးသမီးအင်္ဂါ ရောင်ရမ်းတာဖြစ်ပြီး Vaginitis က ခန္ဓာကိုယ်အတွင်း မွေးလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ Vulva ရော Vagina ရော နှစ်ခုလုံး ရောင်ရမ်းခဲ့ရင် Vulvovaginitis လို့ ခေါ်ပါတယ်။
..
..
Vulvitis ဘယ်သူတွေမှာ ဖြစ်လေ့ရှိလဲ
Vulvitis က အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်ပေမယ့် ကလေးတွေနဲ့ သွေးဆုံးပြီးတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေနဲ့ သွေးဆုံးပြီးတဲ့ သူတွေမှာ အမျိုးသမီးဟော်မုန်း (estrogen) ပမာဏ နည်းပါတယ်။ Estrogen နည်းရင် မိန်းမကိုယ်တစ်သျှူးတွေ ပို၍ ပါးလွှာခြောက်သွေ့ပြီး အလွယ်တကူ ဒဏ်ရာရပြီး ရောင်ရမ်းတတ်ပါတယ်။
..
..
Vulvitis မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ
– မိန်းမကိုယ် ယားယံခြင်း (itching)
– ပူလောင်ခြင်း (burning)
– မိန်းမကိုယ်မှ သာမန်ထက်ပို၍ အဖြူ/အကျိအချွဲဆင်းခြင်း (vaginal discharge)
– မိန်းမကိုယ်အရေပြား အက်ကွဲကြောင်းများ ဖြစ်လာခြင်း
– မိန်းမကိုယ်မှာ အရည်ကြည်ဖု ဖြစ်ခြင်း၊ ရည်ကြည်ဖုပေါက်ပြီး အရေပြားအက်ကွဲခြင်း
– မိန်းမကိုယ် နီမြန်းရောင်ရမ်းခြင်း
– မိန်းမကိုယ်မှာ မာကြောထူထဲသည့် အဖြူရောင်အကွက်များဖြစ်ခြင်း စတာတွေခံစားရတက်ပါတယ်။
..
..
ဘယ်အကြောင်းအရာတွေက vulvitis ဖြစ်စေလဲ
အောက်ပါ အကြောင်းအရာတွေက vulvitis ဖြစ်စေနိုင်ပါတယ်…
– အရောင်ဆိုးထားသော (သို့မဟုတ်) ရေမွှေးစွတ်ထားသော အိမ်သာသုံးစက္ကူများ အသုံးပြုခြင်း
– ရနံ့မွှေးသော (သို့မဟုတ်) အပြင်းစား ဓာတုပစ္စည်းများပါဝင်သော အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ ဆပ်ပြာနှင့် မိန်းမကိုယ်ဖြန်းဆေးများ အသုံးပြုခြင်း
– ချွေးထွက်ပြီး စိုစွတ်နေသော အဝတ်အစားများကို အချိန်ကြာ ဝတ်ဆင်ထားခြင်း
– ကလိုရင်းခပ်ထားသော ရေကူးကန် (သို့မဟုတ်) hot tub ရေနဲ့ ဓာတ်မတည့်ခြင်း
– စိုထိုင်းမှုများစေတဲ့ အတွင်းခံများ ဝတ်ဆင်ခြင်း
– ဆပ်ပြာမှုန့် (သို့မဟုတ်) အမွှေးဆီနဲ့ ဓာတ်မတည့်ခြင်း
– စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့မှ ဒဏ်ရာရခြင်း
– သုက်သတ်ဆေး (spermicide) နဲ့ ဓာတ်မတည့်ခြင်း
– နှင်းခူ (eczema) နှင့် တခြားအရေပြားရောဂါများ
– မှိုရောဂါ (သို့မဟုတ်) ဘက်တီးရီးယားရောဂါများ
ဥပမာ – yeast infection၊ ဝဲခြောက် (scabies) ၊ ဆီးခုံ အမွှေးအမျှင်များတွင် သန်းတွယ်ခြင်း (pubic lice)
– ဗိုင်းရပ်စ်ရောဂါများ
ဥပမာ – လိင်အင်္ဂါတွင် ရေယုန်ပေါက်ခြင်း (genital herpes)
– သွေးဆုံးပြီး နောက်ပိုင်း မိန်းမကိုယ် ကျုံ့၍ ခြောက်သွေ့ခြင်း (vaginal atrophy)
..
..
Vulvitis က ကူးစက်လား
Vulvitis ကိုယ်တိုင်က မကူးစက်ပေမယ့် vulvitis ဖြစ်စေတဲ့ ဘက်တီးရီးယားရောဂါတွေက ကူးစက်တတ်ပါတယ်။ ဓာတ်မတည့်လို့ဖြစ်တဲ့ vulvitis ကတော့ မကူးစက်နိုင်ပါ။
..
..
Vulvitis ကို ဘယ်လို ကုသနိုင်လဲ
– မိန်းမကိုယ်ရောင်ရမ်းစေတဲ့ ထုတ်ကုန်ပစ္စည်း (အမျိုးသမီး လစဥ်သုံး၊ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်) တွေကို ရှောင်ကြဥ်ပါ။
– ချောင်ချောင်ချိချိရှိမယ့် အတွင်းခံများကို ဝတ်ဆင်ပါ။
– ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်းအတွက် ဆရာဝန်မှ ညွှန်ကြားသော ဆေးကိုသာ အသုံးပြုပါ။
–Vulvitis ကြောင့် ဖြစ်တဲ့ ယားယံခြင်းနဲ့ ပူလောင်ခြင်းအတွက် ဆားရေနွေးထိုင်ပေးခြင်း (sitz bath) ပုံမှန်လုပ်ပါ။
Reference:
https: //my. clevelandclinic. org/health/diseases/15175-vulvitis
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#မိန်းမကိုယ်ရောင်ရမ်းခြင်း#Vulvitis
Ministry of Health,
National Unity Government.

Published on: 19 July 2023
Last updated: 19 July 2023