Warts ( ကြွက်နို့အကြောင်း သိကောင်းစရာ ) ( June, 2022 )

ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ( June, 2022 )

ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။

❓ကြွက်နို့ဘာလို့ဖြစ်

ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။ အရေပြားမှာ ပွန်းပဲ့ရာ/ပြတ်ရှရာလေးကနေတောင် အဆိုပါဗိုင်းရပ်စ်ပိုးဟာ အလွယ်တကူဝင်ရောက်ပွားများနိုင်ပြီး ကြွက်နို့ဖြစ်ပွားပါတယ်။

🌏 ကြွက်နို့ဟာ အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားပါတယ်။ အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေနဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်တွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။

❓ဘယ်လိုနည်းလမ်းတွေကတစ်ဆင့် ကူးစက်တတ်သလဲ

ကြွက်နို့ရှိသူရဲ့ ကြွက်နို့ကို ကိုင်တွယ်မိလို့ မိမိမှာပါ ကြွက်နို့ကူးနိုင်ပါတယ်။ ကြွက်နို့အနာက ထွက်တဲ့/ကွာကျတဲ့ ဆဲလ်သေတွေကို ထိတွေ့မိရာကလည်းကူးနိုင်ပါတယ်။

နောက်ဆုံး မိမိကိုယ်တိုင်လည်းပြန်ကူးတတ်ပါသေးတယ်။ ( ဥပမာ၊ ၊ကိုယ့်လက်မှာပေါက်တဲ့ကြွက်နို့ကို ကိုင်တွယ်ပြီး မိမိရဲ့ ကြွက်နို့မရှိတဲ့ တခြားနေရာကိုထိမိကိုင်မိတဲ့အခါ အသစ်အသစ်ကူးသွားတာမျိုးပေါ့ )

လိင်အင်္ဂါမှာပေါက်တဲ့ကြွက်နို့ကတော့ လိင်ကတစ်ဆင့်အဓိကကူးစက်ဖြစ်ပွားပါတယ်။

❓ဘယ်သူတွေ ကြွက်နို့ပိုပေါက်နိုင်ခြေများသလဲ

– ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေ

– ကိုယ်ခန္ဓာခုခံအားနည်းနေသူတွေ (ဥပမာ Steriod စတီးရွိုက်ဆေးတွေသုံးနေရတာ၊ HIV/AIDS ရောဂါရှိတာ စသည်)

– ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ အရေပြားထိခိုက်ဒဏ်ရာရှိတဲ့နေရာကို ဝင်လွယ်လို့ လက်သည်းကိုက်တဲ့အကျင့်ရှိသူတွေ၊ အရေပြားပွန်းပဲ့ထိရှလွယ်တဲ့သူတွေ

– ကြွက်နို့နဲ့ တိုက်ရိုက်ထိတွေ့တာ၊ ကြွက်နို့ရှိသူရဲ့ အဝတ်အစား၊ ပဝါတဘက် စတာတွေကို ထိတွေ့ဝေမျှသုံးတာတွေကလည်း ကြွက်နို့ကူးလွယ်ဖြစ်လွယ်စေပါတယ်။

❓ကြွက်နို့ရဲ့ ပုံစံနဲ့ သိကောင်းစရာ အရေပြားလက္ခဏာတွေ

👉ကြွက်နို့အများစုဟာ အများအားဖြင့် မနာကျင်/ မယားယံပါ။

👉ကြွက်နို့ဟာ သေးငယ်တဲ့ မာမာ အသားစိုင်လုံးလေးတွေဖြစ်တယ်။ ပေါက်တဲ့နေရာပေါ်မူတည်ပြီး ပုံသဏ္ဍာန်ကွဲပြားမှုရှိပါတယ်။

👉အဖြစ်များတဲ့ ကြွက်နို့ (Common wart) ဟာ မျက်နှာ၊ ခြေလက်၊ ဒူးနေရာ နဲ့ လက်သည်းပါမကျန် အရေပြားထိခိုက်ဒဏ်ရာရှိတဲ့နေရာအားလုံးမှာ ဖြစ်နိုင်ပါတယ်။ သေးသေးမာမာ နာကျင်မှုမရှိတဲ့ ၊အသားအရောင်အတိုင်းဖြစ်နေတဲ့ အသားလုံး အဖုလေးတွေဖြစ်တယ်။ ကြွက်နို့မျက်နှာပြင်ဟာ မညီညာကြမ်းနေတတ်ပြီး ပန်းမုံလာလိုပုံစံမျိုး ဖြစ်နေနိုင်ပါတယ်။ (Cauliflower like)

👉ခြေဖဝါးမှာပေါက်တဲ့ ကြွက်နို့ (Plantar wart) ဟာ လမ်းလျှောက်တဲ့အခါ အတော်ဒုက္ခပေးပြီး ဖိနပ်ထဲ ခဲလုံးလေးတွေထည့်ပြီးလျှောက်ရသလို နာကျင်တတ်ပါတယ်။

👉Flat wart (Filiform wart) လို့ခေါ်တဲ့ ကြွက်နို့အမျိုးအစားကတော့ အသားအရေနဲ့ တန်းတန်းပဲ ခပ်ပြားပြား အသားစိုင်လေးတွေလို ပေါက်ပါတယ်။

👉လိင်အင်္ဂါနဲ့စအိုမှာပေါက်သောကြွက်နို့ (Genital wart/ Anal wart) တွေကတော့ ယားတာ၊ သွေးထွက်လွယ်တာ၊ အနေရခက်စေတာ နဲ့ လိင်ဆက်ဆံတဲ့အခါ အမြင်မလှတာတွေဖြစ်စေပါတယ်။

👉ကြွက်နို့ဟာ ပုံမှန်အားဖြင့် အန္တရာယ်မရှိလှတဲ့ အရေပြားပေါ်ကအသားစိုင်အဖုကလေးတွေသာဖြစ်ပြီး ကြောက်စရာမလိုအပ်ပေမယ့် ကြွက်နို့ကို ဆွတာ၊ ဆိတ်တာ၊ အဆက်မပြတ်ကုတ်ဖဲ့တာ လုပ်ရင်တော့ နောက်ဆက်တွဲ ဘတ်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းကာ အခြေအနေဆိုးစေနိုင်ပါတယ်။

❓ကြွက်နို့ကိုဘယ်လိုကုသသလဲ

🔍ဆရာဝန်က ကြွက်နို့ကို အသားစ (Biopsy) ယူပြီး အဏုကြည့်မှန်ပြောင်းသုံးပြီး ကြွက်နို့ဟုတ်/မဟုတ် အတည်ပြုပေးနိုင်ပါတယ်။

ကြွက်နို့အများစုဟာ မကုသဘဲ ထားရင်တောင် အချိန်နဲ့အမျှ ပျောက်ကင်းသွားတတ်ပါတယ်။

ကြွက်နို့ကုသမှုနည်းလမ်း အများအပြားရှိပါတယ်…

✅ လိမ်းဆေး၊ ထိုးဆေး၊ သောက်ဆေး တွေရှိတယ်

✅ Laser လေဆာသုံးကုသမှုတွေ

✅ Liquid Nitrogen နဲ့ ကြွက်နို့ကို အေးခဲသေဆုံးစေတဲ့ကုသမှုတွေ

✅ Electrocautery လို့ခေါ်တဲ့ လျှပ်စစ်သုံးပြီး ကြွက်နို့ဖယ်ထုတ်ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်

✅ လိုအပ်ရင် ဆရာဝန်က ကြွက်နို့ကိုလှီးဖြတ်ခွဲစိတ်ပေးပါမယ်။

*** ကြွက်နို့ကုသတာဟာ ပျောက်ကင်းဖို့အချိန်ယူရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပြီး ဆရာဝန်နဲ့ ရက်ချိန်းကို မပျက်မကွက် မှန်မှန်ပြသရပါမယ် ***

❗️ခြေဖဝါး၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ စအိုနေရာတွေမှာ ပေါက်တဲ့ကြွက်နို့အမျိုးအစားတွေ (Planter wart/ Genital wart/ Anal wart)ကတော့ အချိန်ကြာကြာမပျောက်ဘဲ ဆက်ရှိနေတတ်လို့ ဆရာဝန်နဲ့သေချာပြသဖို့ လိုအပ်ပါတယ်။

လိင်အင်္ဂါကြွက်နို့တွေဟာ ပိုကူးစက်လွယ်လို့ ဂရုပြုရပါမယ်။ မိမိမှာ ဆီးချိုရောဂါရှိနေရင် ခြေထောက်မှာ ကြွက်နို့ပေါက်တဲ့အခါ အထူးအလေးထားဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဆိတ်မိ/ဆွမိ/ဖဲ့မိပြီး နောက်ဆက်တွဲပိုးဝင်နိုင်လို့ပါ။

❓ကြွက်နို့ မကူးစက်အောင် / ကြွက်နို့အသစ်တွေထပ်မပွားလာအောင်ဘယ်လိုကာကွယ်ကြမလဲ

✅ ကြွက်နို့ကို ဆွတာ၊ ဆိတ်တာ၊ ဖဲ့တာ ၊လက်သည်းညှပ်နဲ့ကိုက်တာကို (အထူး) ရှောင်ပါ။

✅ ကြွက်နို့ရှိသူရဲ့ ကြွက်နို့ကို မကိုင်တွယ်ပါနဲ့။ ကြွက်နို့ရှိသူနဲ့ အဝတ်အစားအသုံးအဆောင်တွေကို မျှဝေသုံးတာရှောင်ပါ။

✅ မိမိကိုယ်တိုင်ရဲ့ ကြွက်နို့ကို ကိုင်တွယ်မိရင်လည်း ထိတွေ့မိပြီးတိုင်း လက်ကို ဆေးကြောပါ။

✅ အများသုံးရေချိုး/ရေကူးကန်/အဝတ်လဲခန်း တွေမှာ ခြေဗလာမသွားပါနဲ့။ ဖိနပ်စီးပါ။ ​စိုစွတ်တဲ့ခြေထောက်ဟာ ကြွက်နို့ဖြစ်လွယ်လို့ ​သန့်ရှင်းခြောက်သွေ့နေပါစေ။

✅ ကြွက်နို့ရှိတဲ့ နေရာတွေက အမွေးအမျှင်တွေကို ရိတ်ခြင်းက ပြတ်ရှရာလေးတွေဖြစ်စေနိုင်ပြီး ဗိုင်းရပ်စ်ပိုးဝင်ရောက် ပွားလွယ်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။

✅ကာကွယ်ဆေး (HPV Vaccine) ထိုးနှံထားရင်လည်း လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်ပြီးသားဖြစ်စေတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ အသက် (၉)နှစ်အရွယ်ကနေစပြီး ထိုးနှံနိုင်ပါတယ်။

💢 အနှစ်ချုပ်ရရင် ကြွက်နို့ဟာ ကူးစက်တတ်တယ်။ အများစုဟာ သူ့ဘာသာပျောက်ကင်းတတ်ပေမယ့် အချိန်ယူရတယ်။နှစ်ရှည်လများမပျောက်ကင်းတဲ့အခါ ၊ နောက်ဆက်တွဲ အရေပြားအခြေအနေတွေဖြစ်ပေါ်တဲ့အခါ ဆရာဝန်နဲ့ပြသကုသမှုခံယူရပါမယ် 💢

References 📚

📎John Murtagh’s Patient Education, Sixth Edition; Warts pg-159

📎AAD : American Academy of Dermatology Association : Warts

📎Oxford Handbook of Medical Dermatology, Second Edition; Human Papillomavirus pg-160

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

*** ပိတ်ရက်မရှိပါ ***

ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည် 😇

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 10 June 2022
Last Updated: 10 June 2022