ကျန်းမာပြီးအန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင် (Workplace Health and Safety) (May 2024)

ဒီနေ့ မေလ (၁) ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့ရက်မျိုးမှာ ကျန်းမာပြီးအန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင် (Workplace Health and Safety) ဆိုတာလေးကို ပြောပြချင်ပါတယ်။

စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ဆေးရုံတွေ စတဲ့လုပ်ငန်းခွင်အမျိုးမျိုးတွေမှာ လုပ်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ကြောင့် ဒဏ်ရာအနာတရတွေ ရနိုင်သလို ဖျားနာတာမျိုးအပြင် အခြားရောဂါတွေလည်း ရတတ်ပါတယ်။

ဒီလိုမျိုးတွေ မဖြစ်အောင်၊ ကျန်းမာပြီး အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင် (Workplace Health and Safety) ဖြစ်နေအောင် လုပ်ငန်းရှင်တွေတင်မကဘဲ အလုပ်သမားတွေမှာပါ တာဝန်ရှိကြောင်း သတိပြုသင့်ပါတယ်နော်။ ဘယ်လိုအန္တရာယ်တွေ ရှိနေနိုင်လဲ။ အဲဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သေသေချာချာ လေးလေးနက်နက် စဉ်းစားအဖြေရှာထားသင့်ပါတယ်။

ဒီလိုမျိုး အလုပ်မှာ အန္တရာယ်ကင်းနေစေဖို့အတွက် အခြေခံစည်းမျဉ်းတွေ ချမှတ်ထားလေ့ရှိပြီး အဲဒါကို “Hierarchy of controls” လို့ ခေါ်ပါတယ်။

လုပ်ငန်းခွင် အန္တရာယ်ကင်းဝေးစေရေး အခြေခံစည်းမျဉ်းများ (Hierarchy of controls)

(၁) ဘေးဖယ်ထားပါ။

အန္တရာယ်ကို ဘေးဖယ်ထားနိုင်မယ့် နည်းလမ်းတစ်ခုခု ရှိခဲ့ရင် အဲဒါဟာ လုပ်ငန်းခွင် ကျန်းမာအန္တရာယ်ကင်းစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဥပမာ – ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတယ်ဆိုပါစို့။ ကိုးထပ်မြောက်မှာ အလုပ်လုပ်ရမယ်ဆိုပေမယ့် မြေညီထပ်မှာပြောင်းပြီး အလုပ်လုပ်လို့ ရနိုင်တယ်ဆိုရင် အဲဒီလိုပြောင်းပြီး အလုပ်လုပ်လိုက်တာက အမြင့်ကနေ ပြုတ်ကျနိုင်တဲ့အန္တရာယ်ကို ကာကွယ်ပြီးသား၊ ဘေးဖယ်ပြီးသား ဖြစ်သွားပါတယ်။

.

(၂) အစားထိုးပါ။

ဒုတိယစည်းမျဉ်းကတော့ အန္တရာယ်ရှိနိုင်တဲ့နည်းလမ်း ဒါမှမဟုတ် အခြေအနေကို သူ့ထက်အန္တရာယ်ရှိမှုလျော့ပါးတာနဲ့ အစားထိုးတာပါ။ ဥပမာ – အဆိပ်အတောက်ရှိတဲ့ ဓာတုပစ္စည်းတွေ (Toxic chemical) ကို အဆိပ်အတောက်‌လျော့နည်းတဲ့ ဓာတုပစ္စည်းတွေ (Less toxic chemical) နဲ့ အစားထိုးလိုက်တာမျိုး ဖြစ်ပါတယ်။

.

(၃) လုပ်ငန်းခွင်အနေအထားကို ပြောင်းလဲပါ။ (Engineering controls)

တကယ်လို့ အပေါ်က ပြောပြထားသလို အန္တရာယ်ကို ဘေးဖယ်ထားလို့လည်း မရသလို အစားထိုးလို့လည်း အဆင်မပြေဘူးဆိုရင် လုပ်ငန်းခွင်အနေအထားကို ပြောင်းလို့ရပါတယ်။ ဥပမာ – အမြင့်မှာ အလုပ်လုပ်နေရတယ်ဆိုရင် ခိုင်ခံ့တဲ့အကာအရံတွေ (Guard rails) တပ်ဆင်လိုက်တာမျိုး၊ ဖုန်နဲ့အမှုန်တွေ အန္တရာယ်ရှိလောက်အောင် ရှူရှိုက်နေရနိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လေဝင်လေထွက်ကောင်းမွန်စေတဲ့ပန်ကာတွေ (Ventilation fans) တပ်ဆင်လိုက်တာမျိုးတွေ ဖြစ်ပါတယ်။

ပြီးတော့ အလုပ်တစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်နေရတဲ့သူတွေမှာ နာတာရှည်နာကျင်မှုနဲ့ အရိုးနဲ့ ကြွက်သားဆိုင်ရာ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အလုပ်လုပ်ရတဲ့အစီအစဉ်နဲ့ အလုပ်ပုံစံတွေကို ပြောင်းပြောင်းပေးတာမျိုးက ကာကွယ်ပေးနိုင်ပါလိမ့်မယ်နော်။

.

(၄) အုပ်ချုပ်မှုပိုင်းဆိုင်ရာနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ချမှတ်ဆောင်ရွက်ပါ။

လုပ်ငန်းခွင်အန္တရာယ်တွေနဲ့ ကင်းဝေးစေဖို့ လုပ်ငန်းရှင်တွေအနေနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ချမှတ်ပေးသင့်သလို အလုပ်သမားတွေအနေနဲ့လည်း အဲဒီညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ ဥပမာ – အန္တရာယ်ရှိနိုင်တဲ့ စက်ပစ္စည်းကိရိယာတွေမှာ သတိပေးစာတွေ ထင်သာမြင်သာအောင် ရေးပေးထားတာ ကပ်ပေးထားတာမျိုး၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို အလုပ်လုပ်ချိန် လျှော့ချပေးတာမျိုးနဲ့ အလုပ်ကို မျှပြီးလုပ်ခိုင်းတာမျိုး၊ အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်အောင် သင်တန်းတွေ လုပ်ပေးတာမျိုးတွေ ဖြစ်ပါတယ်။

.

(၅) တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်း (Personal protective equipment – PPE) တွေ ဝတ်ဆင်ပါ။

အန္တရာယ်ရှိနိုင်မယ်ဆိုရင် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်း (Personal protective equipment – PPE) တွေကို ဝတ်ဆင်သင့်ပါတယ်။ ဥပမာ – အမြင့်တွေမှာ အလုပ်လုပ်ရတဲ့အခါ လုံခြုံရေးဝတ်စုံနဲ့ အထိန်းကြိုးကို သေချာဝတ်တာမျိုး၊ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေ ရှူရှိုက်ရနိုင်တဲ့လုပ်ငန်းခွင်မှာ နှာခေါင်းစည်းတွေ (Respirators) တပ်တာမျိုး၊ တအားဆူညံတဲ့ လုပ်ငန်းခွင်မှာ နားကျပ် ဒါမှမဟုတ် နားအကာ တပ်တာမျိုးတွေ ဖြစ်ပါတယ်။

ထပ်ပြီးတော့ ပေးချင်တဲ့ အကြံဉာဏ်လေးတွေလည်း ရှိပါသေးတယ်။

(၁) မခန့်မှန်းပါနဲ့။

ကိုယ်လုပ်တတ်တဲ့အလုပ် မဟုတ်ဘူးဆိုရင်၊ ကိုယ်ကျွမ်းကျင်တဲ့ စက်ပစ္စည်းကိရိယာ မဟုတ်ဘူးဆိုရင် ခန့်မှန်းပြီး လျှောက်မလုပ်ပါနဲ့။ အန္တရာယ်ရှိနိုင်တာကြောင့် သင့်တော်တဲ့သင်တန်းကို အရင်တက်သင့်ပါတယ်။

.

(၂) သန့်ရှင်းပါစေ။

လုပ်ငန်းခွင်ဧရိယာကို သန့်ရှင်းသပ်ရပ်ပြီး အမှုန်အမွှားတွေ ကင်းစင်နေစေမယ်ဆိုရင် သံစူးတာ၊ ချော်လဲတာ၊ အသက်ရှူတာနဲ့ဆိုင်တဲ့ပြဿနာနဲ့ အမြင့်ကနေပြုတ်ကျတာ စတာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

.

(၃) ချက်ချင်းသတင်းပို့ပါ။

အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတစ်ခုခုကို သိလိုက်တာနဲ့ အထက်အရာရှိကို ချက်ချင်းသတင်းပို့ရပါမယ်နော်။

.

(၄) အမြဲပြင်ဆင်ထားပါ။

အရေးပေါ်ထွက်ပေါက် ဘယ်မှာရှိလဲ။ ကျန်းမာရေးဆေးအိတ် (First-aid kits) ကို ဘယ်မှာယူရမလဲ။ အရေးပေါ်အခြေအနေမှာဆိုရင် ဆောင်ရွက်ရမယ့် လုပ်ငန်းခွင်မူဝါဒတွေ (Workplace’s policies) က ဘာတွေလဲဆိုတာတွေကို သိထားပြီးသား ဖြစ်ရပါမယ်။

.

ကျွန်တော်တို့ရဲ့ လူမှုဘဝတွေ တိုးတက်ကောင်းမွန်ဖို့အရေး ကြိုးစားလုပ်ကိုင်‌ပေးနေကြတဲ့ အလုပ်သမားကြီးများအတွက် ဒီနေ့ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့” ကနေ နောင်နှစ်ပေါင်း ကုဋေကုဋာထိတိုင်အောင် ဘေးအန္တရာယ်ကင်းစင်တဲ့ ကျန်းမာတဲ့လုပ်ငန်းခွင်တွေမှာ အစဉ်ပြုံးပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်……။

Dr Frodo

တယ်လီကျန်းမာဆရာဝန်တစ်ဦး

တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health

National Unity Government

Reference: 📖

https://www.webmd.com/atozguides/features/workplacehealthsafety

Published on: May 1, 2024

Last updated: May 1, 2024