World Blood Donor Day 2022

🩸 ကမ္ဘာ့သွေးလှူရှင်နေ့ (၂၀၂၂ ခုနှစ်)
World Blood Donor Day 2022 🩸

၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၄) ရက်

“သွေးလှူခြင်းသည် သွေးစည်းညီညွတ်ခြင်းကို ဆောင်သည့် အပြုအမူဖြစ်သည်။ သင့်သွေးဖြင့် အသက်ကယ်ပါ”
Donating blood is an act of solidarity. Join the effort and save lives

ကမ္ဘာတစ်ဝန်းလုံးရှိလူသားများအနေဖြင့် သွေးလှူဒါန်းပြီး စည်းလုံးညီညွတ်ခြင်းကိုပြသကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၂၀၂၂) ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်နေ့တွင် တိုက်တွန်းထားပါသည်။

(၂၀၂၂) ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်နေ့ဆောင်ပုဒ်မှာ “သွေးလှူခြင်းသည် သွေးစည်းညီညွတ်ခြင်းကို ဆောင်သည့် အပြုအမူဖြစ်သည်။ သင့်သွေးဖြင့် အသက်ကယ်ပါ” ဟူ၍ဖြစ်ပြီး မိမိ၏ ဆန္ဒအလျောက် သွေးလှူဒါန်းခြင်းဖြင့် လူ့အသက်များကို ကယ်တင်ပေးနိုင်ခြင်းနှင့် လူထုအသိုင်းအဝိုင်းများအကြား သွေးစည်းညီညွတ်ခြင်းကို ဖော်ဆောင်ပေးနိုင်သည်ကို သတိပြုမိကြစေရန် ရည်ရွယ်ပါသည်။

သွေးနှင့် သွေးမှရရှိသော ဆေးပညာသုံးပစ္စည်းများ (blood products) ဘေးကင်းလုံခြုံရေးနှင့် ဘေးကင်းစွာ သွေးသွင်းကုသနိုင်ရေးသည် ဆေးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် အထူးအရေးပါပါသည်။ ၎င်းတို့သည် ရောဂါအမျိုးမျိုး ခံစားနေရသောလူနာများ၊ မတော်တဆ ဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခတို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကုသမှုပေးရာတွင် အဓိကကျပါသည်။ တစ်ကမ္ဘာလုံးအနေဖြင့် သွေးလိုအပ်ချက်မှာ များပြားပြီး သွေးရရှိနိုင်မှုမှာမူ အကန့်အသတ်ရှိနေပါသည်။ အထူးသဖြင့် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် သွေးသွင်းကုသရန် လိုအပ်ချိန်တွင် သွေးမရရှိနိုင်ခြင်းကြောင့် သွေးသွင်းကုသရန် အလိုအပ်ဆုံး ဖြစ်လေ့ရှိသော အမျိုးသမီးများနှင့် ကလေးငယ် များအပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုများရှိနိုင်ပါသည်။

ပုံမှန်သွေးလှူရှင်တစ်ယောက် ဖြစ်လာရန်မှာ ရိုးရှင်းလွယ်ကူပြီး လူတိုင်းသည် သွေးလှူဒါန်းခြင်း ဖြင့် မိမိတို့ လူမှုအသိုင်းအဝိုင်းကို ခိုင်မာအားကောင်းလာစေခြင်း၊ ကျန်းမာရေးစနစ်ကို အထောက်အကူပြုခြင်းနှင့် လူ့အသက်များကို ကယ်တင်ခြင်းလုပ်ငန်းများကို ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ယခုနှစ် “ကမ္ဘာ့သွေးလှူရှင်နေ့” လှုပ်ရှားမှု၏ အဓိကဦးတည်ချက်များမှာ

🩸 ကမ္ဘာတစ်ဝန်းလုံးရှိသွေးလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုရန်နှင့် မိမိ၏ဆန္ဒအလျောက် (အခကြေးငွေ မယူဘဲ) ပုံမှန်သွေးလှူဒါန်းမှုများ လိုအပ်နေကြောင်း ပြည်သူလုထုအကြား သတိပြုမိစေရေး လှုံ့ဆော်ပေးရန်၊

🩸 သွေးသွင်းကုသရန် လိုအပ်ချိန်တွင် လူတိုင်းလက်လှမ်းမီပြီး အချိန်နှင့်တပြေးညီ ဘေးကင်းစွာ သွေးသွင်းကုသနိုင်ရန်နှင့် သွေးအလုံအလောက် ရှိနေစေရန်အတွက် တစ်နှစ်ပတ်လုံး ပုံမှန်သွေးလှူဒါန်းမှုရှိနေရန် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြရန်၊

🩸 အခကြေးငွေ မယူဘဲ မိမိ၏ဆန္ဒအလျောက် သွေးလှူဒါန်းခြင်း၏ တန်ဖိုးများကို အသိအမှတ်ပြု၊ အားပေးမြှင့်တင်ခြင်းဖြင့် လူထုအသိုင်းအဝိုင်းကြား စည်းလုံးညီညွတ်မှုနှင့် လူမှုဘဝပေါင်းစည်းမှုတို့ကို ခိုင်မာအားကောင်းစေရန်၊

🩸 ရေရှည်တည်တံ့ခိုင်မာသော နိုင်ငံအဆင့်သွေးလှူစနစ် တည်ထောင်နိုင်ရေးအတွက် အစိုးရများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြရန်နှင့် အခကြေးငွေ မယူဘဲ မိမိ၏ဆန္ဒအလျောက် သွေးလှူဒါန်းမှုများ ပိုမိုများပြားလာစေရေး တိုက်တွန်းနှိုးဆော်ရန်။

Reference:
https://www.who.int/campaigns/world-blood-donor-day/2022

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 14 June 2022
Last Updated: 14 June 2022