World Breastfeeding Week “ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်” (၂၀၂၂) Social Media Campaign

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၂) Social Media Campaign

👩‍🍼 နှစ်စဉ် ဩဂုတ်လ (၁) ရက်နေ့မှ (၇) ရက်နေ့သည် ကမ္ဘာ့မိခင်တိုက်ကျွေးရေးရက်သတ္တပတ် (World Breastfeeding Week) ဖြစ်ပါသည်။

👩‍🍼 (၂၀၂၂) ခုနှစ်၊ ကမ္ဘာ့မိခင်တိုက်ကျွေးရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Step up for Breastfeeding: Educate and Support” “အသိပညာပေး ပံ့ပိုးကာ မိခင်နို့တိုက်ကျွေးခြင်းအရှိန် မြှင့်တင်ပါ” ဖြစ်ပြီး (၁) အသိပညာပေးမျှဝေခြင်း၊ (၂) အမှီသဟဲပြုခြင်း၊ (၃) ချိတ်ဆက်ခြင်းနှင့် (၄) လှုံဆော်ခြင်း စသည့် ရည်ရွယ်ချက် (၄) ခု ပါရှိပါသည်။

👩‍🍼 မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သွေးငယ်များ ဘဝတစ်လျှောက် ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနှင့် ရောဂါဘယကင်း၍ ကျန်းမာစေခြင်းတို့အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ရာ မိခင်များအနေဖြင့် မှန်ကန်သော မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများကို လိုက်နာကျင့်သုံးကြရန် လွန်စွာ အရေးကြီးပါသည်။

👩‍🍼 မှန်ကန်သော မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများမှာ-

🚼 မိခင်နို့ဦးရည်ကို မွေးပြီး တစ်နာရီအတွင်း (စောနိုင်သမျှ စောစော) တိုက်ခြင်း
🚼 မွေးစမှ အသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်း
🚼 အသက် (၆) လ ပြည့်လျှင် ဖြည့်စွက်စာ စတင်ကျွေးပြီး ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကို အနည်းဆုံး ကလေးအသက် (၂) နှစ်အထိ ဆက်လက်တိုက်ကျွေးခြင်း-တို့ဖြစ်ပါသည်။

👩‍🍼 သို့ဖြစ်ရာ ပြည်သူလူထုအကြား မှန်ကန်သော မိခင်နို့တိုက်ကျွေးခြင်း အလေ့အထဆိုင်ရာ သတင်းစကားများ ပြန့်ပွားစေရန်နှင့် အနာဂတ်မိခင်လောင်းများ သိရှိ၊ အတုယူ၊ လိုက်နာနိုင်စေရန် မိခင်နို့တိုက်ခဲ့ဖူးသော မေမေများ၊ လက်ရှိ မိခင်နို့တိုက်ကျွေးနေသော မေမေများက မိမိတို့ မိခင်နို့တိုက်ကျွေးစဉ်က လိုက်နာ ကျင့်သုံးခဲ့သော မှန်ကန်သည့်နည်းစနစ်များ၊ အတွေ့အကြုံများ၊ အခက်အခဲများနှင့် ထိုအခက်အခဲများအား ဖြေရှင်းခဲ့ပုံများကို

👨 ဩဂုတ်လ (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း
👨 သားသားမီးမီးတို့နှင့် အတူတူရိုက်ထားသော ဓာတ်ပုံများနှင့်အတူ
👨 မိမိတို့ Facebook စာမျက်နှာတွင် #worldbreastfeedingweek2022 #stepupforbreastfeeding #educateandsupport ဆိုတဲ့ hashtag လေးတွေနဲ့အတူ profile picture ပြောင်းကာ အတွေ့အကြုံများကို ရေးသားဝေမျှပေးရင်း
👨 World Breastfeeding Week (2022) Social Media Campaign မှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

Ministry of Health,

National Unity Government.

 Published on: 2 August 2022
Last Updated: 2 August 2022