World Chagas Disease Day (14 April 2022)

World Chagas Disease Day (14 April 2022)
Finding and reporting every case to defeat chagas disease

ကမ္ဘာ့ ရှားဂတ်စ်ရောဂါနေ့ (ဧပြီလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်)
“ရောဂါကူးစက်ခံရသူတိုင်းကို ရှာဖွေ၊ သတင်းပို့ခြင်းဖြင့် ရှားဂတ်စ်ရောဂါ (Chagas disease) ကို အနိုင်ယူပါ”

ရှားဂတ်စ်ရောဂါသည် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီ‌ကြသော ဆင်းရဲမွဲတေသူများနှင့် မိမိတို့နေ့စဉ်ဘဝ လိုအပ်ချက်များကို မတောင်းဆိုနိုင်ကြသော (နိုင်ငံရေးအရ ဖိနှိပ်ခံရသော) သူများကို ထိခိုက်သက်ရောက်သော ရောဂါတစ်မျိုးဖြစ်သည်။

ရောဂါအစပျိုးမှု နှေးကွေးခြင်းနှင့် တစ်ခါတစ်ရံတွင် ရောဂါလက္ခဏာမပြခြင်းကြောင့် “တိတ်ဆိတ်ပုန်းကွယ်နေသော ရောဂါ” (Silent or silenced disease) ဟုလည်း ခေါ်ကြသည်။ ဆေးကုသမှုမခံယူပါက ရှားဂတ်စ်ရောဂါသည် ပြင်းထန်နှလုံးရောဂါနှင့် အစာအိမ်‌နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်စေပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

ရှားဂတ်စ်ရောဂါနှင့်ပတ်သက်၍ အသိပညာမြှင့်တင်မျှဝေပေးခြင်းသည် စောစီးစွာရောဂါရှာဖွေကုသမှုနှုန်း မြှင့်တင်ခြင်းနှင့် ရောဂါကူးစက်မှုကို ဖြတ်တောက်ခြင်းများအတွက် အလွန်အရေးကြီးပါသည်။

ကမ္ဘာ့ရှားဂတ်စ်ရောဂါနေ့ကို (၂၀၂၀) ပြည့်နှစ်တွင် ပထမဆုံးကြိမ်ကျင်းပနိုင်ခဲ့ပါသည်။ ယခု (၂၀၂၂) ခုနှစ်တွင် ရှားဂတ်စ်ရောဂါနှင့်ပတ်သက်၍ ရောဂါကြောင့် ထိခိုက်ဆုံးရှုံးရမှု၊ ရောဂါကူးစက်ခံရသူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူရာတွင် တူညီသော အခွင့်အရေးရရှိမှုတို့ကို ပိုမိုအာရုံစိုက်လာစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် လုပ်ဆောင်သွားမည်ဟု ပြောကြားထားပါသည်။

(၂၀၂၂) ခုနှစ် ကမ္ဘာ့ရှားဂတ်စ်ရောဂါနေ့ ဆောင်ပုဒ်မှာ “ရောဂါကူးစက်ခံရသူတိုင်းကို ရှာဖွေ၊ သတင်းပို့ခြင်းဖြင့် ရှားဂတ်စ်ရောဂါ (Chagas disease) ကို အနိုင်ယူပါ” ဟုဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများစွာတွင် ရောဂါရှာဖွေမှုနှုန်း ကျဆင်းလျက်ရှိပြီး၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ရန်အတွက် အတားအဆီးများရှိနေကြောင်း တွေ့ရှိရပါသည်။

ရှားဂတ်စ်ရောဂါသည် လက်တင်အမေရိကတိုက်ရှိ ဆင်းရဲနွမ်းပါးသောလူများတွင် အဖြစ်များသော်လည်း အခြားတိုက်ကြီးများနှင့် နိုင်ငံများတွင်လည်း ကူးစက်ခံရမှု မြင့်တက်လာလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ရှားဂတ်စ်ရောဂါကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာမပြခြင်း (သို့မဟုတ်) သာမန် ရောဂါလက္ခဏာများသာ ခံစားရခြင်းတို့ကြောင့် “တိတ်ဆိတ်ပုန်းကွယ်နေသော ရောဂါ” ဟုလည်း ခေါ်ကြပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရှားဂတ်စ်ရောဂါ ကူးစက်ခံရသူပေါင်း (၆) သန်းမှ (၇) သန်းထိ ရှိပြီး နှစ်စဉ်လူပေါင်း တစ်သောင်းခန့် အသက်ဆုံးရှုံးလျက်ရှိကာ နှစ်စဉ်ရောဂါကူးစက်ခံရသူ လူ‌နာအသစ် (၃) သောင်းမှ (၄) သောင်းအထိ တွေ့ရှိရသည်။

Reference:

https://www.who.int/campaigns/world-chagas-disease-day

🐞 Chagas Disease (ရှားဂတ်စ်ရောဂါ) အကြောင်း 🐞

ရှားဂတ်စ်ရောဂါ (Chagas Disease ) သည် (Trypanosomiasis) ဟုလည်းခေါ်ပြီး ကပ်ပါးပိုးတစ်မျိုးဖြစ်သော (Trypanosoma cruzi) ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည်။ ထိုကပ်ပါးပိုးကို (Triatomine bug) ဟုခေါ်သော အင်းဆက်၏ မစင်တွင် တွေ့ရသည်။ ရှားဂတ်စ် ရောဂါကို တောင်အမေရိကတိုက်ရှိ နိုင်ငံများ၊ အမေရိကန်အလယ်ပိုင်းနှင့် မက္ကစီကိုနိုင်ငံတို့တွင် အဓိကတွေ့ရှိရသည်။ စတင်တွေ့ရှိသောပညာရှင် ကားလို့စ်ရှားဂတ်စ် (Carlos Chagas) ကို အစွဲပြု၍ ရှားဂတ်စ်ရောဂါဟု ခေါ်ပါသည်။ ထိုကူးစက်ရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးကူးစက်ခံရနိုင်သော ရောဂါဖြစ်ပြီး၊ကောင်းစွာကုသမှုမခံယူပါက ပြင်းထန်နှလုံးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်စေပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသော ရောဂါဖြစ်သည်။

ရောဂါကူးစက်ပုံ

ရောဂါဖြစ်စေသော ကပ်ပါးပိုး (T-cruzi) ကို သယ်ဆောင်သည့် အင်းဆက်ပိုး (Triatomine bug) သည် သွေးစုပ်သော အင်းဆက်ပိုးတစ်မျိုးဖြစ်ပြီး ကပ်ပါးပိုးကူးစက်ခံရသော တိရစ္ဆာန်များကို သွေးစုပ်ရာမှ အင်းဆက်၏ ကိုယ်အတွင်းသို့ ကပ်ပါးပိုးမွှားများ ဝင်ရောက်လာသည်။ ထိုအင်းဆက်သည် ညအချိန်တွင် လူကို ကိုက်ခဲသွေးစုပ်လေ့ရှိပြီး သွေးစုပ်ပြီးပါက ကပ်ပါးပိုးမွှားများပါသော မစင် စွန့်‌လေ့ရှိသည်။ ထိုကပ်ပါးပိုးမွှား (T-cruzi) သည် လူ့အရေးပြားပေါ်ရှိ အနာများ၊ မျက်စိနှင့် ပါးစပ်အတွင်းသို့ ဝင်ရောက်ခြင်းဖြင့် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။

အခြားသောရောဂါကူးစက်နည်းများမှာ
🐞 ရောဂါပိုးပါသော အသားငါးများကို ကောင်းစွာမချက်ပြုတ်ဘဲ စားသောက်ခြင်း၊
🐞 ရောဂါပိုးကူးစက်ခံထားရသော မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊
🐞 ရောဂါပိုးရှိသူ၏ သွေးကို သွင်းမိခြင်း၊
🐞 ရောဂါရှိသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးကုသရာမှ ရောဂါကူးစက်ခြင်း၊
🐞 ရောဂါပိုးရှိသော တောတွင်းတိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်ခံရခြင်း
တို့ဖြစ်သည်။

ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရပြီးနောက် လတ်တလောလက္ခဏာများအနေဖြင့်
🐞 အင်းဆက်ပိုးအကိုက်ခံရသော နေရာတွင် အရေပြား ရောင်ရမ်းခြင်း၊
🐞 နုံးခြင်း၊
🐞 ဖျားခြင်း၊
🐞 မျက်ခွံရောင်ရမ်းခြင်း၊
🐞 ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
🐞 ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊
🐞 ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊
🐞 အသည်းနှင့် သရက်ရွက် ရောင်ရမ်းခြင်း
တို့ဖြစ်စေနိုင်သည်။

တစ်ခါတစ်ရံတွင် ရောဂါလက္ခဏာမပြခြင်း (သို့မဟုတ်) သာမန်လက္ခဏာများသာ ပြခြင်းများလည်း ရှိတတ်သည်။

နာတာရှည်ရောဂါလက္ခဏာများ

ရှားဂတ်စ်ရောဂါကူးစက်ခံရပြီး အချိန်မီရောဂါရှာဖွေခြင်း၊ ဆေးကုသမှုခံယူခြင်း မပြုပါက
🐞 နှလုံးခုန်မမှန်ခြင်း၊
🐞 နာတာရှည်နှလုံးရောဂါရခြင်း၊
🐞 ရုတ်တရက် နှလုံးရပ်ခြင်း၊
🐞 အစာမျိုရာတွင် ခက်ခဲခြင်း၊
🐞 အစာအိမ်ရောင်ခြင်း၊ ဝမ်းချုပ်ခြင်းစသည့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရခြင်း
တို့ဖြစ်ပေါ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။

Ref. WHO: Chagas Disease Fact Sheet, US CDC and Mayo clinic

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 14 April 2022
Last Updated: 14 April 2022