ကမ္ဘာ့မိသားစုဆရာဝန်နေ့ (World Family Doctor Day)
(၂၀၂၂) ခုနှစ်၊ မေလ (၁၉) ရက်နေ့
Family Doctors, Always There to Care!
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မိသားစုဆရာဝန်များပါ”
(၂၀၂၂) ခုနှစ် ကမ္ဘာ့မိသားစုဆရာဝန်နေ့၏ အဓိကအစိတ်အပိုင်း (၃) ခု
The 3 Pillars of World Family Doctor Day 2022
အမြဲအသင့်ရှိခြင်း (ALWAYS)
လူနာများလိုအပ်ချိန်တိုင်း အမြဲရှိနေပြီး စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် မိသားစုဆရာဝန်များ၏ အခြေခံကျသော အင်္ဂါရပ်တစ်ခုဖြစ်ပါသည်။
၎င်းတို့သည် လူနာများ၏ ရောဂါအခြေအနေအဆင့်ဆင့်နှင့် အခြေအနေအမျိုးမျိုးတို့တွင် စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ ဖြစ်ပါသည်။
အခြားသော ကျန်းမာရေးစောင့်ရှောက်မှုအဆင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းအပါအဝင် လူနာ၏ နောက်ဆက်တွဲအခြေအနေများကို ဆက်လက်သိရှိပြီး စဉ်ဆက်မပြတ်စောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်ပါသည်။
ထိုအချက်များအပြင် ပုံမှန်ကြိုတင်ပြင်ဆင်၍ မိမိတို့၏ လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ခြင်း၊ သုတေတနလေ့လာမှုများ အစဉ်ပြုလုပ်ခြင်း၊ အပြောင်းအလဲများ၊ နည်းပညာများ၊ နည်းစနစ်များနှင့် သင်ကြားရေးနည်းဗျူဟာများအပေါ် လိုက်လျောညီထွေမှု ရှိရေးနှင့် ခံနိုင်ရည်အား မွေးမြူရေးတို့အတွက်လည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
နေရာတိုင်းတွင်ရှိခြင်း (THERE)
မိသားစုဆရာဝန်များနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် နေရာမရွေး၊ အချိန်မရွေး လိုအပ်ချိန်တိုင်းတွင် ရှိနေပါသည်။
စစ်ပွဲများ၊ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးများသာမက ငြိမ်းချမ်းလျက်ရှိသော အချိန်များတွင်ပါ ၎င်းတို့သည် ရှေ့တန်းတွင် အမြဲအသင့်ရှိနေသူများဖြစ်ပါသည်။
မိသားစုဆရာဝန်များသည် ၎င်းတို့ အလုပ်လုပ်ရာ လူမှုဝန်းကျင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုရှိရန် တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်ခြင်း၊ ၎င်းတို့၏ အဓိက စံတန်ဖိုးထားမှုများကို မျှဝေပေးခြင်း၊ လူနာများနှင့် ထူးခြားကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းဖြင့် အပြန်အလှန် နားလည်ယုံကြည်မှုများကို တည်ဆောက်ထားပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (CARE)
မိသားစုဆရာဝန်များ ပေါ်ပေါက်တည်ရှိရခြင်း၏ အဓိကအကြောင်းရင်းမှာ လူတိုင်းလက်လှမ်းမီ ရရှိနိုင်သော၊ သာတူညီမျှမှု ရှိသော၊ စဉ်ဆက်မပြတ်သော၊ အဆင့်အတန်းမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ဖြစ်ပါသည်။
မိသားစုဆရာဝန်တစ်ဦး ဖြစ်ရခြင်း၏ အခွင့်ထူးနှင့် တာဝန်ဝတ္တရားမှာ လူအများကို အမြဲစောင့်ရှောက်မှုပေးရန်၊ လူတို့၏ ကောင်းကျိုးချမ်းသာနှင့် အကာအကွယ်အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးရန်၊ ကျန်းမာရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်ရေးအတွက် လူနာများ၏ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ရန် ဖြစ်ပါသည်။
Reference:
https://www.globalfamilydoctor.com/
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 20 May 2022
Last Updated: 20 May 2022