ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့
WORLD FIRST AID DAY (Saturday, 9th September 2023)
ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့သည် ကမ္ဘာလုံးဆိုင်ရာရှေးဦးသူနာပြုစုခြင်းပညာဆိုင်ရာစင်တာ (Global First Aid Reference Centre: GFARC) မှ ပြုလုပ်သော အထိမ်းအမှတ်ပွဲဖြစ်သည်။
ရှေးဦးသူနာပြုစုခြင်းကို သိသာထင်ရှားစေရန်နှင့် ပြည်သူလူထုနှင့်စေတနာ့ဝန်ထမ်းများ သတိပြုမိစေရန် အသိပညာပေးလှုံ့ဆော်မှုများကို ပြုလုပ်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။
နှစ်စဉ်နှစ်တိုင်းတွင် GFARC သည် ၎င်းတို့၏ အထိမ်းအမှတ်နေ့နှင့် လှုပ်ရှားမှုတို့၏ အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်စေရန်အတွက် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းများသို့ လုပ်ဆောင်ရမည့် လှုပ်ရှားမှုများ၏ လမ်းညွှန်ချက်များ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များကို ပံ့ပိုးပေးပါသည်။
ယခုနှစ် ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “First Aid in the Digital World” “ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲက ရှေးဦးသူနာပြုစုခြင်း” ဟူ၍ဖြစ်ပြီး ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများ စသည့် သက်ရွယ်ပိုင်းခြားစုံ ပါဝင်ရန် ရည်ရွယ်ပါသည်။
🚑 ကလေးသူငယ်များ
ယခုအခါတွင် ကလေးငယ်များ၏ ပညာသင်ကြားရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ ပစ္စည်းများအသုံးပြုခြင်းည် မရှိမဖြစ် အရေးပါလာပြီဖြစ်သည်။ ကလေးသူငယ်များအနေဖြင့်လည်း ၎င်းတို့၏ နေ့စဉ်ဘဝတွင် ဒစ်ဂျစ်တယ်ပစ္စည်းများကို ပိုမိုအကျွမ်းတဝင် သုံးစွဲလျက်ရှိသည်။ ကလေးသူငယ်များ၏ အသက်အရွယ်နှင့်ကိုက်ညီသော ဒစ်ဂျစ်တယ်ကိရိယာများ (ဗွီဒီယိုဖိုင်များ၊ ဂိမ်းများ၊ Simulations များ စသည်) တို့ကို အသုံးပြု၍ ကလေးငယ်များကို ရှေးဦးသူနာပြုပညာရပ်များ ပိုမိုအကျွမ်းတဝင်ရှိစေပြီး၊ လေ့လာသင်ယူမှု လွယ်ကူစေရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာအနေဖြင့် ကလေးသူငယ်များအချင်းချင်းနှင့် ရှေးဦးသူနာပြုသင်ကြားပေးသူများအကြား ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်စေနိုင်ပြီး ရှေးဦးသူနာပြုနည်းနာများကို ပိုမိုထိရောက်စွာ သင်ယူနိုင်ရေးအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။
🚑 အရွယ်ရောက်ပြီးသူများ
အလုပ်များသောနေ့စဉ်ဘဝအတွင်းရှိ အရွယ်ရောက်ပြီးသူများအနေဖြင့် ရှေးဦးသူနာပြုပညာရပ်များကို လွယ်လင့်တကူ လေ့လာတတ်မြောက်နိုင်ရန်အတွက် အွန်လိုင်းသင်တန်းများ၊ သရုပ်ပြဗွီဒီယိုများနှင့် လက်တွေ့လေ့ကျင့်နိုင်သော သင်ကြားမှုများစသည့် အရင်းအမြစ်များကို ယနေ့ခေတ်ဒစ်ဂျစ်တယ်ကမ္ဘာက ထောက်ပံ့ပေးနိုင်ပြီဖြစ်သည်။ အရေးပေါ်အခြေအနေများအတွက် အဆင့်သင့်ဖြစ်နေစေရန် ခေတ်မီသော ရှေးဦးပြုစုနည်းများ လေ့ကျင့်သင်ကြားခြင်းနှင့် မွမ်းမံသင်တန်းပေးခြင်းများကိုလည်း ဒစ်ဂျစ်တယ်နည်းပညာအကူအညီဖြင့် ပြုလုပ်နိုင်ပြီဖြစ်သည်။
🚑 သက်ကြီးရွယ်အိုများ
သက်ကြီးရွယ်အိုများအနေဖြင့် ခေတ်မီနည်းပညာသစ်များကို အသုံးပြုရာတွင် အခက်အခဲများရှိသော်လည်း လေ့လာမှုများအရ သက်ကြီးရွယ်အိုများသည်လည်း ယနေ့ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ်စေရန်အတွက် အသစ်အသစ်သော နည်းပညာများကို လေ့လာသင်ယူလိုစိတ်ရှိကြောင်း တွေ့ရပေသည်။ အသုံးပြုရလွယ်ကူပြီး ဒစ်ဂျစ်တယ်နည်းပညာများနှင့် အကျွမ်းတဝင်မရှိသော သက်ကြီးရွယ်အိုများအတွက် တီထွင်ဖန်တီးထားသော ရှေးဦးသူနာပြုသင်ကြားရေး နည်းစနစ်များမှတဆင့် အသုံးဝင်ထိရောက်သော ရှေးဦးသူနာပြုနည်းနာများကို လေ့လာနိုင်ပြီဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာသည် သက်ကြီးရွယ်အိုများနှင့် အခြားသော ရှေးဦးသူနာပြုပညာလေ့လာသင်ယူသူများကြား ဆက်သွယ်ချိတ်ဆက်ပေးနိုင်ပြီး အားလုံးပါဝင်သော လေ့လာသင်ယူသည့်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
⭐ အဓိကသတင်းအချက်အလက်များ
ရှေးဦးသူနာပြုပညာ သင်ကြားပို့ချခြင်းများကို ဒစ်ဂျစ်တယ်နည်းပညာမှတစ်ဆင့် မည်သူမဆို နေရာဒေသမရွေး လွယ်လင့်တကူရရှိနိုင်စေရန် အသိပေးမြှင့်တင်ခြင်း။
ရှေးဦးသူနာပြုပညာ သင်ယူလေ့လာသူများ၏ စွမ်းဆောင်ရည်နှင့် အသိပညာများကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် မွမ်းမံခြင်းများတွင် ဆန်းသစ်တီထွင်သော ဒစ်ဂျစ်တယ်နည်းပညာများကို တိုးမြှင့်အသုံးပြုခြင်း။
ရှေးဦးသူနာပြုပညာ သင်တန်းပေးခြင်းများနှင့် အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများကို ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ပြောင်းလဲဆောင်ရွက်ခြင်းများကို ထောက်ပံ့ကူညီပေးခြင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Health,
National Unity Government.
Reference: https://www.globalfirstaidcentre.org/resource/concept-note-world-first-aid-day-2023/
#nugmoh #firstaid #WFAD2023 #WORLDFIRSTAIDDAY2023 #WORLDFIRSTAIDDAY #ရှေးဦးသူနာပြုစုခြင်း #GFARC #DigitalWorld #IT #Digital

Published on: September 9, 2023
Last updated: September 9, 2023