“World Food Day” (October 16, 2023)

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day 2023)
16th October, 2023

“Water is LIFE, water is FOOD. Leave NO ONE behind.”
“ရေသည် ဘဝ၊ ရေသည် အစားအစာ၊ တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရ”

(၂၀၂၃) ခုနှစ်၊ World Food Day (ကမ္ဘာ့စားနပ်ရိက္ခာနေ့) အတွက် ဆောင်ပုဒ်ဟာ ရေနဲ့ အစာအရင်းအမြစ် ဆက်စပ်ပုံ၊ ရေရဲ့ အရေးပါပုံများကို လူထုအနေနဲ့ သဘောပေါက်နားလည် သတိပြုမိစေရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

💧 ရေဟာ လူတို့ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုနေလဲ?

⚫ လူတို့နေထိုင်ရာ ကမ္ဘာကြီးကို ကမ္ဘာမြေကြီးလို့ ခေါ်လေ့ရှိကြပေမဲ့ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၁% ဟာ ရေများနဲ့ ဖုံးလွှမ်းထားပါတယ်။ ထို့နည်းတူ လူ့ခန္ဓာကိုယ်ရဲ့ တစ်ဝက်ခန့် (၅၅-၆၀%) ဟာလည်း ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
⚫ ရေဓာတ်ဟာ လူတို့ နေ့စဉ်စားသုံးနေတဲ့ အစာအုပ်စုထဲမှာ မရှိမဖြစ် လိုအပ်တဲ့ အစာအာဟာရ တစ်ခုဖြစ်သလို ခန္ဓာကိုယ်ရဲ့ အစားအစာ စားသုံးခြင်း လုပ်ငန်းစဉ်များ ဖြစ်ကြတဲ့ အစာမျိုချခြင်းကစလို့ အစာချေဖျက်ခြင်း၊ အစာစုပ်ယူခြင်း၊ အစာမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ခြင်းများအလယ် မလိုအပ်သော အဆိပ်အတောက်များနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဆီးနဲ့ ဝမ်းတို့ကတစ်ဆင့် စွန့်ပစ်ခြင်းအဆုံး များစွာအထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
⚫ ဒါတွေတင်မကဘဲ ‌ရေဟာ ခန္ဓာကိုယ်တွင်း ဆဲလ်များဖွဲ့စည်းမှုမှာ အခြေခံကျတဲ့ ဓာတ်ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတယ်။ အရိုးအဆစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့စေတယ်။ ဉီးနှောက်၊ အာရုံကြောမကြီးနဲ့ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးသလို၊ ကိုယ်ဝန်ဆောင်စဉ် မိခင် ဝမ်းတွင်းမှာ သန္ဒေသားကို ထိခိုက်မှု မရှိစေရန် အခုအခံ (Cushion) အနေနဲ့လည်း ကာကွယ်ပေးထားပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင်စီ၊ နှလုံးကြွက်သားများ ဖွံ့ဖြိုးခြင်း၊ သွေးနီဥများ၊ ဆဲလ်များ တည်ဆောက်ခြင်းတို့အတွက် အရေးပါတဲ့ ဗီတာမင်ဘီအုပ်စု စတဲ့ ဗီတာမင်များ ပျော်ဝင်အောင် အထောက်အကူပေးတဲ့အပြင် ဆဲလ်တွေ အဓိက လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရတွေကို ရေဓာတ်ကပဲ သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

💧 ရေဟာ လူ့ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုနေလဲ?

⚫ မြန်မာနိုင်ငံမှာဆိုရင် အဓိကအနေနဲ့ ရေအားကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူပြီး တစ်နိုင်ငံလုံးကို လျှပ်စစ်မီးဖြန့်ဝေနေတာ ဖြစ်ပါတယ်။
⚫ ကျနော်တို့ စားသုံးနေတဲ့ အစားအစာတွေကို အဓိကထုတ်လုပ်ပေးတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ ပတ်ဝန်းကျင်ကို အေးမြအောင် လေကောင်းလေသန့်တွေ ထုတ်လုပ်ပေးတဲ့ အပင်ကြီးတွေ ရှင်သန်ဖို့ရာ၊ ရေသတ္တဝါတွေ အသက်ရှင်နေထိုင်ဖို့ရာ ရေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
⚫ ကမ္ဘာတစ်ဝန်း အစားအစာတွေကို ကုန်သွယ်ရာမှာလည်း ရေလမ်းကြောင်းဟာ အသုံးများဆုံး ဖြစ်ပါတယ်။
⚫ ခန္ဓာကိုယ်မှာ ရောဂါပိုးများ မကပ်ငြိအောင် တစ်ကိုယ်ရေသန့်ရှင်းဖို့အတွက် ရေချိုးသန့်စင်ခြင်းနဲ့ အဝတ်လျှော်ဖွတ်ခြင်း၊ ကူးစက်ရောဂါများ မဝင်ရောက်နိုင်အောင် လက်ဆေးခြင်း၊ အိုးခွက်ပန်းကန်များ ဆေးကြောခြင်း စတဲ့ လုပ်ငန်းရပ်တွေမှာလည်း ရေဟာ အရေးပါဆုံးပဲ ဖြစ်တယ်။

xxxxxxxxxxxxx

🤔 ဖတ်လာရင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြောင်းဆိုပြီး ရေအကြောင်းတွေချည်းပါပဲလားလို့ တွေးနေမိပြီလား? 🤔

⚫ ဟုတ်ပါတယ်။ ခြုံငုံကြည့်လိုက်ရင် ရေဟာ အစာကွင်းဆက်ရဲ့ စလယ်ဆုံး အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေတဲ့အပြင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက်လည်း အဓိကကျနေပြန်ပါတယ်။
⚫ ဒါကြောင့်လည်း ရေဟာ အစာအာဟာရ၊ ရေဟာ စွမ်းအင်၊ ရေဟာ ပြည့်စုံကြွယ်ဝမှုနဲ့ လူတိုင်းအတွက် မရှိမဖြစ်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။
⚫ “ရေအသက် တစ်မနက်” လို့တောင် ဆိုကြတယ်မဟုတ်လား? ရေရဲ့ ဩဇာဓာတ်ဟာ တစ်မနက်ခင်းလေးမှာတင် ကုန်ခမ်းလေ့ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရေဓာတ် မခမ်းခြောက်သွားဖို့ အလွန်ပဲ အရေးကြီးတယ်။ လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ ပုံမှန်လူတစ်ယောက်ဟာ ပျှမ်းမျှအနေနဲ့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

💧 ရေအရင်းအမြစ်ကို ထိန်းသိမ်းဖို့ ဘာကြောင့်အရေကြီးတာလဲ?

⚫ နောက်ထပ် သတိပြုရမှာက ကမ္ဘာ့ရေမျက်နှာပြင်ကို ဖုံးလွှမ်းထားတဲ့ ၇၁% ရှိတဲ့ ရေတွေထဲမှာ ကျွန်ုပ်တို့ သောက်သုံးဖို့ အသုံးပြုဖို့ သင့်တော်တဲ့ ရေကောင်းရေသန့်ဟာ ၂.၅% သာ ရှိပါတယ်။
⚫ ရေဟာ အခြားသဘာဝရင်းမြစ်တွေ နည်းတူ အမြဲမပြတ် ပေါများကြွယ်ဝနေမှာ မဟုတ်ပါဘူး။ လူသားတွေအနေနဲ့ စနစ်တကျ မထိန်းသိမ်းဘူးဆိုရင် ရေအရင်းမြစ် ခမ်းခြောက်ပြီး ရှားပါးလာမှာ ဖြစ်ပါတယ်။
⚫ လူဉီးရေ လျင်မြန်စွာ တိုးပွားလာခြင်း၊ မြို့ပြစနစ်သို့ ကူးပြောင်းလာခြင်း၊ စက်မှုစီးပွားရေးစနစ် ဖွံ့ဖြိုးလာခြင်းနဲ့ ရာသီဉတုပြောင်းလဲမှုများကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ရေကောင်းရေသန့် အရင်းအမြစ်ဟာ တစ်နေ့ထက်တစ်နေ့ နည်းပါးလာပါတယ်။
⚫ ရေကို မဆင်မခြင် သုံးစွဲဖြုန်းတီးခြင်း၊ မြေအောက်ရေများ အများအပြား ထုတ်ယူသုံးစွဲခြင်း၊ အမှိုက်နှင့် စက်ရုံစွန့်ပစ္စည်းများကို စနစ်တကျမစီမံဘဲ မြစ်ချောင်းများထဲသို့ အလွယ်တကူ စွန့်ပစ်ခြင်း စတဲ့ လူတို့ရဲ့ ဆင်ခြင်ဉာဏ်နည်းတဲ့ လုပ်ရပ်တွေကြောင့် ရေရရှိမှုနဲ့ ရေရဲ့ အရည်အသွေးတို့ဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။
⚫ ယနေ့ခေတ်မှာဆိုရင် လူဦးရေ သန်းပေါင်း နှစ်ထောင်ကျော်ခန့် (2.4 billion) ဟာ ရေအရင်းအမြစ် ရှားပါးတဲ့ နိုင်ငံတွေမှာ နေထိုင်နေရပြီး လူတစ်ယောက်အတွက် ရေရရှိနိုင်မှုဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကထက် ၂၀% ခန့် လျော့ကျလာပြီဖြစ်ကြောင်း ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီးက သတိပေး ထုတ်ပြန်ထားပါတယ်။
⚫ ဒီရေရှားပါးမှုဒဏ်ကို တောင်သူလယ်သမားများ၊ တိုင်းရင်းသားဒေသမှ လူမျိုးစုများ၊ စစ်ဘေးရှောင် ပြည်သူများ (အထူးသဖြင့် အမျိုးသမီးများ) နဲ့ ခိုလုံခွင့် ခံယူကြသူများက ပိုမိုခံစားနေကြရပြီး နေ့စဉ်ရေလိုအပ်ချက်ကို လုံလောက်အောင်ရဖို့ ရုန်းကန်နေကြရပါတယ်။
⚫ ရေရှားပါးလာရုံသာမက ရေလိုအပ်ချက်ကလည်း တိုးမြင့်လာတဲ့အတွက် မိမိတို့ နေ့စဉ်လိုအပ်ချက်ရရှိအောင် လူအချင်းချင်း အချင်းများခြင်း၊ ခိုက်ရန်ပြုခြင်းတို့အထိ ဖြစ်ပွားလာကြပါတယ်။
⚫ လူတို့ရဲ့ မဆင်မခြင်လုပ်ရပ်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေထုညစ်ညမ်းခြင်း၊ ဂေဟစနစ် ပျက်စီးခြင်းနှင့် ရာသီဉတု ပြောင်းလဲခြင်းဒဏ်တို့ကို ရေအရင်းအမြစ်၊ ငါး၊ ပုဇွန်နဲ့ ပင်လယ်စာများ၊ ရေညှိရေမှော် စတဲ့ ရေထွက်ပင်များ ပါဝင်တဲ့ ရေထွက်အစားအစာစနစ် (Aquatic food system) တို့အပေါ် သက်မွေးဝမ်းကြောင်းပြု မှီခိုနေရတဲ့ တံငါသည်များ၊ ပင်လယ်ပျော်များက အလူးအလဲ ခံစားနေကြရပြီ ဖြစ်ပါတယ်။

💧 ရေအရင်းအမြစ်ကို ဘယ်လို ထိန်းသိမ်းကြမလဲ?

⚫ ရေရှားပါးမှုဒဏ်တွေ လျော့ကျလာစေဖို့ ရေအသုံးပြုမှုနည်းပါးတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ ကျင့်သုံးဖို့၊
⚫ ရေလိုအပ်ချက်များပြားတဲ့ နေရာဒေသတွေကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ဖို့၊
⚫ မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျမကျန်ခဲ့စေဘဲ လူတိုင်း သာတူညီမျှ ရေလုံလောက်စွာ ရရှိဖို့၊
⚫ ရေထွက်အစားအစာစနစ်ကို စနစ်တကျ ထိန်းသိမ်းကြဖို့၊
⚫ ရေအရင်းအမြစ်ကို ညစ်နွမ်းစေမဲ့ အပြုအမူတွေ၊ ရေကို စနစ်တကျအသုံးမပြုဘဲ ဖြုန်းတီးတဲ့ အပြုအမူတွေကို တစ်ဦးတိုင်း တစ်ယောက်တိုင်းက ပြုပြင် လိုက်နာကျင့်သုံးရမဲ့အချိန် ဖြစ်နေပါပြီ။

💧 သဘာဝတရားရဲ့ တုံ့ပြန်မှု

⚫ ရေဟာ သဘာဝအရင်းအမြစ်ဆိုပေမဲ့ သဘာဝတရားမှာလည်း ခံနိုင်ရည်နဲ့ ကန့်သတ်ချက်များစွာ ရှိပါတယ်။
⚫ လူသားတွေက သဘာဝတရားကို ကောင်းမွန်ပြုပြင်းထိန်းသိမ်းရင် သဘာဝတရားကြီးကလည်း လူသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရေသန့် လေသန့်တွေ၊ အေးမြစွာ ခိုလှုံနိုင်တဲ့ အရိပ်အာဝသတွေ၊ လှပတဲ့ ရှုခင်းတွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစာအာဟာရတွေကို ပြန်လည်ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
⚫ သဘာဝတရားကြီးအပေါ် ရက်စက်စွာ မညှာမတာ ပြုမူကြရင်တော့ သဘာဝတရာကြီးက ပူပြင်းတဲ့ နေရောင်ခြည်တွေ၊ လေမုန်တိုင်းတွေ၊ ခိုလှုံရာ နေအိမ်တွေကို ဖျက်ဆီးတဲ့ လှိုင်းလုံးကြီးတွေနဲ့ ရေကြီးခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့အတူ အနိဌာရုံမြင်ကွင်းတွေကိုသာ ပြန်လည်ပေးစွမ်းမှာ ဖြစ်ပါတယ်။
⚫ ရေဟာ သုံးတတ်ရင် ဆေးဖြစ်နိုင်သလို၊ မသုံးတတ်ရင် ဘေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်နေတာပါ။
⚫ မိမိအပါအဝင် လူသားတိုင်း တစ်ဉီးတစ်ယောက်ချင်းစီတိုင်းရဲ့ အသက်ရှင်ရပ်တည်မှုဟာ ရေကောင်းရေသန့်ရရှိမှုပေါ် များစွာမှီတည်နေတာ ဖြစ်တဲ့အတွက် ရေကို တန်ဖိုးရှိတဲ့ သဘာဝအရင်းအမြစ်တစ်ခုလို့ စိတ်ထဲ စွဲမှတ်ထားရမယ့်အပြင် တာရှည်လုံလောက်စွာ ရရှိဖို့ ဆက်လက် ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

💧 ရေအရင်းမြစ်ထိန်းဖို့ရာ လူတိုင်းပါဝင်ဆောင်ရွက်ပါ

⚫ လူတို့ ရွေးချယ်စားသုံးတဲ့ အစားအစာတွေ‌၊ အဲဒီအစားအစာ ထုတ်လုပ်ပုံနဲ့ စွန့်ပစ်ပုံ စတာတွေ အားလုံးဟာ ရေအရင်းအမြစ်ပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။
⚫ ဒါကြောင့် လူတို့ နေ့စဉ်နေထိုင်မှု အမူအကျင့်များကို သတိပြု ပြောင်းလဲကြရမှာဖြစ်ပါတယ်။

ဥပမာ-
🍉 ဒေသတွင်း အလွယ်တကူရရှိတဲ့၊ လတ်ဆတ်တဲ့ ရာသီပေါ်သီးနှံတွေကို ရွေးချယ်စား သုံးကြမယ်၊
🍉 အစားအစာတွေကို လေလွင့်မှုနည်းပါးအောင် သတိပြုကြမယ်၊
🍉 ပုပ်သိုးလွယ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေနဲ့ သိုလှောင်သိမ်းဆည်းကြမယ်၊
🍉 ရေထုညစ်ညမ်းမဲ့ အပြုအမူတွေကို ရှောင်ရှားမယ်၊
🍉 အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်မယ်။

⚫ ဒီလို နေ့စဉ် သတိပြုပြီး ပြောင်းလဲကျင့်သုံးကြမယ်ဆိုရင် ရက်၊ လပေါင်းများစွာ ကြာတဲ့အခါ ကောင်းမွန်တဲ့ အကျင့်တွေကို မွေးမြူပြီးသားဖြစ်မယ်။
⚫ ကျွန်ုပ်တို့ ကိုယ်တိုင်က အစပြုလို့ အကျင့်ကောင်းတွေကို ပြုပြင်ရင်း ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်တဲ့ အမူအကျင့်တွေကို မျှဝေပေးမယ်။ သတင်းစကားတွေ ပေးမယ်။
⚫ တစ်ယောက်အားနဲ့ မရွေ့ပေမယ့် အများအားနဲ့ဆိုရင်တော့ နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ကောင်းမွန်ကျန်းမာလာအောင် ဆောင်ရွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

“ဒါကြောင့် မည်သူတွေမှာ တာဝန်အရှိဆုံးလဲ? ကျွန်ုပ်တို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References:

  1. https://www.fao.org/world-food-day/en/
  2. https://www.unwater.org/news/world-food-day-2023
  3. https://www.thoughtco.com/how-much-of-your-body-is-water-609406
  4. https://health.clevelandclinic.org/water-soluble-vitamins/#Which%20Vitamins%20Are%20water-soluble?
#nugmoh #WorldFoodDay2023 #WorldFoodDay #WFD #Water #Life #Food

Ministry of Health,
National Unity Government.

Published on: October 16, 2023
Last updated: October 16, 2023