ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့ ၂၀၂၂ ခုနှစ်
World Food Safety Day (2022)
(၂၀၂၂) ခုနှစ်၊ ဇွန်လ (၇) ရက်နေ့
(၂၀၂၂) ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့သည် “ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့” ဖြစ်ပါသည်။ ဆောင်ပုဒ်မှာ “ဘေးကင်းစေပါ သင့်အစားအစာ၊ ပိုမိုကျန်းမာဒို့ကမ္ဘာ” (Safer Food, Better Health) ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့” (World Food Safety Day 2022) တွင် အစားအစာများမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများအန္တရာယ်ကို ကာကွယ်ခြင်း၊ ရှာဖွေခြင်းနှင့် စီမံထိန်းချုပ်ခြင်းလုပ်ငန်းများကို သတိပြုလာကြပြီး ထိုလုပ်ငန်းများတွင် ပါဝင်လာကြစေရန် စည်းရုံးခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။
သန့်ရှင်း၍ဘေးအန္တရာယ်ကင်းသော အစားအစာများစားသုံးရန် ဘာကြောင့်အရေးကြီးတာလဲ?
🥩 ဘေးဉပဒ်ဖြစ်စေသော အစားအစာများတွင် ဘတ်တီးရီးယား၊ ဗိုင်းရပ်နှင့် ကပ်ပါး ပိုးမွှားများ၊ ဓါတုပစ္စည်းများပါဝင်ပြီး စားသုံးသူတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ ကူးစက်ရောဂါများ၊ ကင်ဆာရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။
🥩 အကျိုးဆက်များအနေဖြင့် ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အဏုအာဟာရဓာတ်များ ချို့တဲ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်စေနိုင်ပါသည်။
မသန့်ရှင်းသော၊ ဘေးဉပဒ်ဖြစ်စေသော အစားအစာများစားသုံးမှုကြောင့် နှစ်စဉ်-
🥩 ကမ္ဘာတစ်ဝန်းရှိ လူဦးရေ၏ ၁၀%သည် နာမကျန်းဖြစ်၍ လူဦးရေ (၄၂၀,၀၀၀) ခန့် အသက်သေဆုံးလျက်ရှိသည်။
🥩 အသက်ငါးနှစ်အောက်ကလေးများ၏ ၄၀% နာမကျန်းဖြစ်၍ ကလေးအယောက် (၁၂၅,၀၀၀) ခန့် အသက်သေဆုံးလျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အစားအစာဘေးကင်းရှင်းရေးအတွက် တိုက်တွန်းထားသည့် အချက်များ (Call To Action)
🍉 မူဝါဒချမှတ်သူများ
အများပြည်သူ စားသောက်လေ့ရှိသည့် အစားအစာများ (ဥပမာ- ထောက်ပံ့ပေးသော အစားအစာများ၊ ကျောင်းမုန့်ဈေးတန်းများနှင့် အခြားအများပြည်သူများထံရောင်းချလေ့ရှိသည့် အစားအစာများ) ကို စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများဖြစ်စေရန် စီမံဆောင်ရွက်ပေးရပါမည်။
အမျိုးသားအဆင့်အစားအစာဘေးကင်းရှင်းရေးစနစ် အားကောင်းလာစေရန် အစားအစာဘေးကင်းရှင်းရေးစံနှုန်းများနှင့် ကိုက်ညီသော မူဝါဒများချမှတ်ခြင်းနှင့် တရားဥပဒေနှင့်အညီ မူဘောင်များ ချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရပါမည်။
သက်ဆိုင်ရာနယ်ပယ်ဌာနပေါင်းစုံနှင့် ဒေသအဆင့်၊ နိုင်ငံအဆင့်၊ ကမ္ဘာ့ဒေသအဆင့်နှင့် ကမ္ဘာအဆင့် စသည်ဖြင့် အဆင့်ဆင့်တွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရပါမည်။
🍉 အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများ
အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများမှ အလုပ်သမားများ၊ ကုန်ပစ္စည်းထောက်ပံ့သူများနှင့် အခြားသက်ဆိုင်သူများနှင့် ပူးပေါင်း၍ အစားအစာဘေးကင်းရှင်းရေးထုံးတမ်းဓလေ့များကို နိုင်ငံတကာအစားအသောက်စံနှုန်းများနှင့်အညီ ဖော်ထုတ်တည်ထောင်ခြင်းများ လုပ်ဆောင်ကြရပါမည်။
🍉 တက္ကသိုလ်/ကျောင်းများနှင့် လုပ်ငန်းခွင်များ
အစားအသောက်များကို ဘေးကင်းရှင်းစွာ ချက်ပြုတ်ကိုင်တွယ်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရပါမည်။
အစားအစာဘေးကင်းရေးလှုပ်ရှားမှုများတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်လာစေရန် တိုက်တွန်းဆောင်ရွက်ရပါမည်။
အစားအစာဘေးကင်းရှင်းရေးဆိုင်ရာ ကျန်းမာရေးပညာပေးလုပ်ငန်းများကို ကူညီပံ့ပိုးရပါမည်။
🍉 စားသုံးသူများ
စားသုံးသူများအနေဖြင့် မိမိတို့၏ နေအိမ်တိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည့် အစားအစာ ဘေးအန္တရာယ်ကင်းရေးအတွက် လိုက်နာရမည့် အဓိကသော့ချက်(၅)ချက် (Five keys to safer food) ကို လိုက်နာရပါမည်။
၁။ အစားအစာများကို သန့်ရှင်းစွာထားပါ။ (Keep clean)
🍍 အစားအစာများမကိုင်တွယ်မီနှင့် အစားအစာများ ပြင်ဆင်နေစဉ် လက်ကို ရေနှင့် ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ။
🍍 အိမ်သာမှ အဆင်းနှင့် အညစ်အကြေးများ ကိုင်တွယ်အပြီး လက်ကို ရေနှင့် ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ။
🍍 အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုမည့် အိုးခွက်ပန်းကန်များနှင့် မျက်နှာပြင်များကိုလည်း သေချာစွာ ဆေးကြောပါ။
🍍 မီးဖိုချောင်နှင့် အစားအစာများထံသို့ အင်းဆက်ပိုးများ၊ ပိုးမွှားများနှင့် အခြားတိရစ္ဆာန်များ အလွယ်တကူ မဝင်ရောက်နိုင်ရန် ကာကွယ်၊ ဖုံးအုပ်ထားပါ။
၂။ အသားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီး အစားအစာများကို ရောမထားရ။ (Separate raw and cooked)
အသားစိမ်း၊ ငါးစိမ်းနှင့် ပင်လယ်စာများမှ ထွက်သော အရည်များထဲတွင် အန္တရာယ်ရှိသော ရောဂါပိုးများ ပါရှိနိုင်ပါသည်။
🍍 မချက်ပြုတ်ရသေးသော အသားစိမ်း၊ ငါးစိမ်းများနှင့် ပင်လယ်စာများကို ချက်ပြုတ်ပြီးသား အစားအစာများ၊ အသင့်စား အစားအစာများနှင့် ခွဲခြားထားပါ။
🍍 အသားစိမ်း၊ ငါးစိမ်းများ လှီးဖြတ်ရန်အတွက် ဓားနှင့် စဉ်းတီတုံးများကိုလည်း သီးသန့်ထား၍ အသုံးပြုပါ။
🍍 အသားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီး အစားအစာများကို ထိတွေ့မှု မရှိစေရန် ပန်းကန် (သို့မဟုတ်) ပလတ်စတစ်ဘူးများနှင့် ထည့်၍ သီးသန့်ထားပါ။
၃။ ဘာပဲချက်ချက် ကျက်အောင်ချက်ပါ။
🍍 အစားအစာများ (အထူးသဖြင့် – အသားငါးများ၊ ဥများနှင့် ပင်လယ်စာများကို) ကျက်သည်အထိ သေချာစွာ ချက်ပြုတ်ပါ။
🍍 ဟင်းရည်များနှင့် စွပ်ပြုတ်ဟင်းများကို ဆူပွက်သည်အထိ ချက်ပြုတ်ပါ။ အသားငါးများကို ချက်ပြုတ်ရာ၌ ထွက်လာသော အရည်များသည် ပန်းရောင်သန်းမနေဘဲ ကြည်လင်လာသည်အထိ ချက်ပြုတ်ပါ။
🍍 ချက်ပြုတ်ပြီးသား ဟင်းများကိုလည်း သေချာနွှေးစားပါ။
၄။ ချက်ပြုတ်ပြီး အစားအစာများကို သင့်တင့်သော အပူချိန်တွင်ထားပါ။ (Keep food at safe temperature)
အစားအစာများကို အခန်းအပူချိန်တွင် ကြာမြင့်စွာထားလျှင် အန္တရာယ်ဖြစ်စေတတ်သော ပိုးမွှားများ ပေါက်ဖွားလာ၊ ပွားများလာနိုင်ပါသည်။
🍍 ချက်ပြုတ်ပြီးသား အစားအစာများကို အခန်းအပူချိန်တွင် (၂) နာရီထက် ပိုမထားရ။
🍍 ချက်ပြုတ်ထားသော အစားအစာများနှင့် ပုပ်သိုးလွယ်သော အစားအစာများကို ရေခဲသေတ္တာထဲတွင် ထည့်ထားပါ။ (အပူချိန် ၅ ဒီဂရီစင်တီဂရိတ် အောက်ရှိလျှင် ပိုကောင်းပါသည်)။
🍍 အစားအစာများကို စားသုံးမည်ဆိုလျှင် အငွေ့တထောင်းထောင်းထ ပူအောင် (အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထက်) ချက်ပြုတ်/ပြန်နွှေးပြီးမှ စားသုံးသင့်ပါသည်။
🍍 ရေခဲသေတ္တာထဲတွင်ပင်ဖြစ်စေ အစားအစာများကို ရက်ကြာရှည်စွာ သိုလှောင်ထား၍ စားသုံးခြင်း မပြုသင့်ပါ။
🍍 အေးခဲထားသော အစားအစာများကို အခန်းအပူချိန်တွင်ထား၍ ပျော်အောင်၊ နွေးလာအောင် မလုပ်ရ။ မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့် ကျက်သည်အထိ၊ သင့်လျော်သော အပူချိန်ရောက်သည်အထိ သေချာစွာ အပူပေးခြင်း ပြုလုပ်သင့်ပါသည်။
၅။ သန့်ရှင်းဘေးကင်းသော ရေနှင့် လတ်ဆတ်သော အစာကုန်ကြမ်းများကို အသုံးပြုပါ။ (Use safe water and raw materials)
အစားအစာများကို သန့်ရှင်းသောရေဖြင့် ဆေးကြောပါ၊ ချက်ပြုတ်ပါ။
🍍 လတ်ဆတ်၍ အာဟာရပြည့်ဝသော အစားအစာများကိုသာ စားသုံးပါ။
🍍 အစားအစာများကို ဘေးဥပဒ်ကင်းသည်အထိ ပြင်ဆင်၊ ချက်ပြုတ်ပါ (ဥပမာ- နွားနို့ကို ဆူပွက်သည်အထိ ကျိုချက်/နွှေးပြီးမှ သောက်သုံးပါ)။
🍍 အစိမ်းစားသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ။
🍍 အစားအစာများကို သတ်မှတ်ထားသည့် သက်တမ်းကျော်လွန်သည်အထိ သိမ်းဆည်းထား၍ မစားသုံးသင့်ပါ။
အစားအစာဘေးကင်းရှင်းရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူပြီး အခြားသူများကို တိုက်တွန်းပြောကြားပေးကြရပါမည်။
References:
1) https://www.who.int/campaigns/world-food-safety-day/2022
2) https://www.who.int/news-room/fact-sheets/detail/food-safety
3) https://www.who.int/publications-detail-redirect/9789241594639
4) https://www.fao.org/documents/card/en/c/cb8661en/
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 7 June 2022
Last Updated: 7 June 2022