ကမ္ဘာ့ လက်သန့်ရှင်းရေး အထိမ်းအမှတ်နေ့ (WORLD HAND HYGIENE DAY) (May 2023)

ကမ္ဘာ့ လက်သန့်ရှင်းရေး အထိမ်းအမှတ်နေ့ (WORLD HAND HYGIENE DAY)

၅ ရက်၊ မေလ၊ ၂၀၂၃ ခုနှစ်

အတူတကွ အရှိန်မြှင့်ဆောင်ရွက်ကြ။ လက်သန့်ရှင်းခြင်းဖြင့် အသက်များစွာ ကယ်တင်ပါ။
Accelerate action together. SAVE LIVES – Clean Your Hands

ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်နေစဉ်အတွင်း လက်သန့်ရှင်းရေးကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် အသက်ပေါင်း သန်းပေါင်းများစွာကို နှစ်စဉ်ကယ်တင်နိုင်ပါသည်။ လက်သန့်ရှင်းရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အထိရောက်ဆုံး ဖြစ်ပါသည်။ သန့်ရှင်းစွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဖြင့် လူနာများကိုလေးစားရာ ရောက်သည့်အပြင်၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။

ယခုအချိန်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် COVID-19 ကပ်ရောဂါကပေးသော သင်ခန်းစာများကို အလျင်အမြန် အကောင်ထည်ဖော်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပြီး၊ လက်သန့်ရှင်းရေးအပါအဝင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လစ်ဟာမှုများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရမည်ဖြစ်သည်။ နိုင်ငံအများစုသည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် တိုးတက်မှုများရှိနေသည်မှန်သော်လည်း၊ ခြုံငုံကြည့်မည်ဆိုပါက တိုးတက်မှုများသည် နှေးကွေးနေပြီး ရရှိသော အောင်မြင်မှုများသည်လည်း မရေမရာဖြစ်နေပေသည်။

ရောဂါပိုးများကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပဋိဇီဝဆေးယဉ်ပါးမှုတားဆီးရေး တို့အတွက် လုပ်ငန်းစဉ်များကို ကျွန်ုပ်တို့အတူတကွ နှိုးဆော်တိုက်တွန်းကြရပါမည်။ လူထုအတွင်းရှိ ကျန်းမာရေးလုပ်သားများ၊ မူဝါဒချမှတ်သူများနှင့် လူမှုအဖွဲ့အစည်းများကို ခိုင်မာအားကောင်းစွာ လက်တွဲဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ နေရာများတွင် လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်နိုင်ပြီး လူထု၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးနိုင်မည်ဖြစ်သည်။

(၂၀၂၃) ခုနှစ်၊ ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့ အနေဖြင့် လူမှုအဖွဲ့အစည်းများကို ဦးတည်ထားပါသည်။ ၎င်းတို့၏ စိတ်အားထက်သန်မှု၊ နှုန်းစံတန်ဖိုးများ၊ ခိုင်မာသောလူမှုမျှတမှု ဆောင်ရွက်ချက်များ၊ လူအဖွဲ့အစည်းနှင့် အနီးကပ်ထိတွေ့နိုင်မှုစသည့် အချက်များကြောင့် လူမှုအဖွဲ့အစည်းများသည် ဒေသအဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ပြီး၊ ပြောင်းလဲမှုများကို အရှိန်မြှင့်ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် လူမှုအဖွဲ့အစည်းအားလုံနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အတူတကွစုစည်းရန် ဆော်ဩလိုက်ပြီး လက်တွဲဆောင်ရွက်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများတွင် လက်သန့်ရှင်းရေးနှင့်ပတ်သက်သည့် ထိရောက်သော အောင်မြင်မှုများကို အလျင်အမြန်ရယူနိုင်နိုင်ရန် တိုက်တွန်းထားပါသည်။

Reference: https://www.who.int/campaigns/world-hand-hygiene-day/2023

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #WorldHandHygieneDay #WorldHandHygieneDay2023 #Hand #Hygiene #HandWashing #AccelerateActionTogether #SaveLives #CleanYourHands

Published on: 6 May 2023

Last updated: 6 May 2023