ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) (7th April 2023)
Health For All – ကျန်းမာခြင်းသည် အားလုံးအတွက်
(၂၀၂၃) ခုနှစ်၊ ဧပြီလ၊ ၇ ရက်နေ့တွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (၇၅) နှစ် ပြည့်မြောက်ပြီဖြစ်သည်။
(၁၉၄၈) ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ အတူတကွစုပေါင်း၍ ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကမ္ဘာကြီး လုံခြုံစေရန်နှင့် ထိခိုက်ခံစားရသူများကို စောင့်ရှောက်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါသည်။ နေရာဒေသအသီးသီးရှိ လူတိုင်း အတွက် အမြင့်ဆုံးသော ကာယသုခ၊ စိတ္တသုခများ ရရှိစေရန် ရည်ရွယ်ခဲ့ခြင်းပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် လွန်ခဲ့သော ဆယ်စုနှစ် (၇) ခုအတွင်း ဘဝနေထိုင်မှုအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သော ပြည်သူ့ကျန်းမာရေး အောင်မြင်မှုများကို ပြန်လည်လေ့လာနိုင်မည်ဖြစ်သည်။ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွင် ရင်ဆိုင်ကျော်လွှားရမည်ဖြစ်သော ကျန်းမာရေးဆိုင်ရာပြဿနာများအတွက် စိတ်တက်ကြွဖွယ်ဆောင်ရွက်ချက်များ ဖော်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတစ်ရပ်လည်းဖြစ်ပေသည်။
လူထုအတွက် သတင်းစကားများ
“ကျန်းမာခြင်းသည် အားလုံးအတွက်” ဆောင်ပုဒ်သည် လူသားအားလုံးအနေဖြင့် ငြိမ်းချမ်းသော၊ ပြည့်စုံကုံလုံသော၊ ရေရှည်တည်တံ့သော ကမ္ဘာလောကတွင် ကျန်းမာစွာနေထိုင် နိုင်ကြစေရန် ရည်မျှော်ထားခြင်းဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုသည် အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ လူတိုင်းအနေဖြင့် ၎င်းတို့လိုအပ်သော အချိန်နှင့် နေရာ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင်ရမည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်းသည် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရယူနိုင်ခြင်းမရှိကြချေ။
လူဦးရေ သန်း (၂) ထောင်ခန့်သည် ဆိုးရွားသော မညီမျှမှုများနှင့် ထိခိုက်လွယ်သော အခြေအနေများကြောင့် များပြားသော ကျန်းမာရေးစရိတ်များကို ကုန်ကျခံနေကြရသည်။
အလုံးစုံလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု (UFC) သည် ကျန်းမာရေးအသုံးစရိတ်များကို သက်သာစေ၍ အရည်အသွေးမြင့်ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေပြီး၊ လူအများကို ဆင်းရဲတွင်းမှ ဆွဲတင်ပေးနိုင်ခြင်း၊ မိသားစုများနှင့် လူ့အသိုက်အမြုံများ၏ ကျန်းမာရေးအခြအနေကို မြှင့်တင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများမှ ကာကွယ်ခြင်းနှင့် “ကျန်းမာခြင်းသည် အားလုံးအတွက်” အခြေအနေသို့ ရောက်ရှိဖော်ဆောင်ပေးနိုင်ပါသည်။
ထိုသို့ဖော်ဆောင်ရာတွင် လူတစ်ဦးချင်းသော်လည်းကောင်း၊ လူအဖွဲ့အစည်းအရ လည်းကောင်း၊ အရည်အသွေးမြင့်ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရရှိပြီး၊ မိမိကျန်းမာရေးသာမက မိသားစုကျန်းမာရေးကိုပါ စောင့်ရှောက်မှုပေးနိုင်ရန် လိုပါသည်။ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးမီစောင့်ရှောက်မှုများ၊ လူထုဗဟိုပြုကျန်းမာရေးစောင့်ရှောက်နှင့် မူဝါဒချမှတ်သူများ၏ ကတိကဝတ်များ လိုအပ်ပါသည်။
လေ့လာမှုများအရ ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံသည့်ကျန်းမာရေးစနစ်သည် လူထုထံသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဖော်ဆောင်ရာတွင် အထိရောက်ဆုံးနှင့် ကုန်ကျမှုအသက်သာဆုံး နည်းလမ်းဖြစ်ကြောင်းတွေ့ရသည်။
နိုင်ငံတိုင်း၏ “ကျန်းမာခြင်းသည် အားလုံးအတွက်” ခရီးလမ်းသည် COVID-19 ရောဂါကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
COVID-19 နှင့်အခြားသော ကျန်းမာရေးအရေးပေါ်အခြေအနေများ၊ လိုရာသို့ မရောက်ဘဲ ရသူများသာ ထပ်ရသည့် လူသားချင်းစာနာထောက်ထားမှုများ၊ ရာသီဥတုပြောင်းလဲမှုများ၊ စီးပွားရေး အကျပ်အတည်းများနှင့် စစ်ပွဲများသည် နိုင်ငံတိုင်း၏ “ကျန်းမာခြင်းသည် အားလုံးအတွက်” ခရီးလမ်းကို အလျင်အမြန်ဆောင်ရွက်ရန် တွန်းပို့လျက်ရှိလေသည်။ ယခုအချိန်သည် ခေါင်းဆောင်သူများအနေဖြင့် ၎င်းတို့ကတိပြုထားသော အလုံးစုံလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန် လုပ်ဆောင်ရမည့်အချိန်ဖြစ်ပြီး လူမှုအဖွဲ့အစည်းအနေဖြင့် ခေါင်းဆောင်များကို တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် တိုက်တွန်းရမည့်အချိန်လည်း ဖြစ်ပါသည်။
ကျန်းမာရေးနှင့်သက်ဆိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) ရရှိစေရန်အတွက် ထိရောက်သော တိုးတက်မှုများ လိုအပ်နေပေသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Health,
National Unity Government.
Reference: https://www.who.int/campaigns/world-health-day
#nugmoh #WHO #WorldHealthOrganization #HealthForAll #WHO75 #WorldHealthDay

Published on: 7 April 2023
Last updated: 7 April 2023