World Hearing Day 2023 (3 March 2023)

သင်၏ နားကို ဂရုစိုက်ပါ

✅ ဆောင်ရန်

၁။ နား၏ အပြင်ပိုင်းကို နူးညံ့သော အဝတ်စဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။
၂။ နား နာကျင်ခြင်း၊ နားထဲမှ အရည်တစ်ခုခု ထွက်ခြင်း (သို့မဟုတ်) အကြားအာရုံ ချို့ယွင်းခြင်း ခံစားရပါက ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။
၃။ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားသော ဆေးကိုသာ သုံးစွဲပါ။
၄။ ဆူညံသော နေရာများတွင် အကြားအာရုံကို ကာကွယ်ရန် နားဆို့များ (ear plugs) ကို တပ်ဆင်အသုံးပြုပါ။

❌ ရှောင်ရန်

၁။ နားထဲသို့ အောက်ပါပစ္စည်းများ ထည့်ခြင်း

👂 ဂွမ်းဖြင့် ပြုလုပ်ထားသော နားကျပ်တံ
👂 ဆီများ
👂 နားဖယောင်းတိုင်များ (Hopi candles)
👂 တုတ်ချောင်းများ
👂 အိမ်သုံးဆေးဝါးများ

၂။ ညစ်ညမ်းသောရေတွင် ရေကူးခြင်း (သို့မဟုတ်) ထိုရေဖြင့် ဆေးကြောခြင်း
၃။ ဖုန်းနားကျပ် (သို့မဟုတ်) နားဆို့များကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း

၄။ ကျယ်လောင်သော အသံများ/ ဂီတသံများကို နားထောင်ခြင်း

ကမ္ဘာ့အကြားအာရုံနေ့ (၂၀၂၃) – World Hearing Day 2023 (3 March 2023)

နားနှင့် အကြားအာရုံ စောင့်ရှောက်မှုကို လူတိုင်း အမှန်တကယ်ရရှိအောင် လုပ်ဆောင်ကြပါစို့
Ear and hearing care for all! Lets make it a reality

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အကြားအာရုံနေ့သည် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံပေးနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် နားနှင့် အကြားအာရုံစောင့်ရှောက်မှုကို ပေါင်းစပ်ထည့်သွင်းခြင်း၏ အရေးကြီးပုံအား မီးမောင်းထိုးပြရန် ဖြစ်သည်။

အဓိကသတင်းစကားများ

👂 နားနှင့် အကြားအာရုံ အခက်အခဲများမှာ လူထုအတွင်း တွေ့ရအများဆုံးသော ပြဿနာများတွင် အပါအဝင် ဖြစ်သည်။
👂 ၎င်းတို့၏ (၆၀) ရာခိုင်နှုန်းခန့်မှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအဆင့်တွင် ရှာဖွေဖော်ထုတ်ပြီး စတင်ကိုင်တွယ်ဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်သည်။
👂 သင်တန်းများပေးခြင်း၊ စွမ်းရည်မြှင့်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နားနှင့် အကြားအာရုံ စောင့်ရှောက်ကုသမှုကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။
👂 ထိုကဲ့သို့ ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေပြီး လူတိုင်းလက်လှမ်းမီ လွှမ်းခြုံပေးနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရရှိရန် တိုင်းပြည်များအား အထောက်အကူဖြစ်စေပါသည်။

ယခုဆောင်ပုဒ်အရ ဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းချက်များမှာ-

👂 အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် နားနှင့် အကြားအာရုံစောင့်ရှောက်မှုကို ထည့်သွင်းရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပြုချက်များကို အစိုးရများ၏ တာဝန်ရှိသူများနှင့် အရပ်ဘက်လူ့ဖွဲ့အစည်းများ သတိပြုမိစေရန်
👂 အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ပေးအပ်သည့် သင်တန်းအစီအစဉ်များတွင် အခြေခံ နားနှင့် အကြားအာရုံစောင့်ရှောက်မှုကို ပေါင်းစပ်ထည့်သွင်းရေးအတွက် အစိုးရများကို တိုက်တွန်းအားပေးရန်
👂 ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များ အစရှိသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအနေဖြင့် အကြားအာရုံ ချို့ယွင်းမှုနှင့် နားရောဂါများနှင့်ပတ်သက်၍ ပြည်သူတို့၏ လိုအင်ကို သတိပြုအလေးထားမိစေရန်
👂 ပြည်သူများအား နားနှင့် အကြားအာရုံ စောင့်ရှောက်မှု၏ အရေးကြီးပုံကို အသိပေးရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများအား ရှာဖွေကာ စောင့်ရှောက်မှု ခံယူစေရေးအတွက် တိုက်တွန်းအားပေးရန်

လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်နေကြသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အောက်ပါဆောင်ရွက်မှုများကို ပြုလုပ်စေလိုပါသည်-

👂 အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နားနှင့် အကြားအာရုံစောင့်ရှောက်မှုကို ပေါင်းစပ်ထည့်သွင်းရန် အသိပေးစည်းရုံးခြင်း
👂 ပြည်သူလူထုအတွင်း နားနှင့် အကြားအာရုံစောင့်ရှောက်မှု၏ အရေးကြီးပုံကို အသိပညာပေးရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများအား ရှာဖွေကာ စောင့်ရှောက်မှု ခံယူစေရေးအတွက် တိုက်တွန်းအားပေးခြင်း

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #worldhearingday2023 #WHD #WHD2023 #worldhearingday #hearingcare #ears #hearing

Ministry of Health,

National Unity Government.

Published on: 3 March 2023
Last Updated: 3 March 2023