ကမ္ဘာ့အသည်းရောင်ရောဂါနေ့၊ ၂၀၂၃ ခုနှစ်
World Hepatitis Day 2023 (28 July)
အသက်တစ်ခု၊ အသည်းတစ်ခု
One Life, One Liver
ဘဝတွင် အသက်တစ်ခုသာ ရရှိသကဲ့သို့ အသည်းလည်း တစ်ခုသာ ပိုင်ဆိုင်နိုင်သည်။ အသည်းရောင်ရောဂါသည် နှစ်ခုစလုံးကို ပျက်စီးစေနိုင်သည်။
အသက်ရှင်နေထိုင်စေရေးအတွက် အသည်းသည် နေ့တစ်နေ့စီတိုင်း၌ အရေးကြီးလုပ်ငန်းပေါင်း ၅၀၀ ကျော်ကို တိတ်တဆိတ် လုပ်ဆောင်ပေးသည်။
ထို့အတူပင် အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုးကူးစက်ခြင်းသည်လည်း လက္ခဏာမပြပဲ တိတ်တဆိတ်ကူးစက်နေတတ်ပြီး ရောဂါရင့်မှသာ ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ အသည်းရောင်ဗိုင်းရပ်စ်ပိုး အမျိုးအစား (အေ မှ အီး အထိ) အမျိုးမျိုးရှိသော်လည်း အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုး ဘီနှင့် စီကို အထူးသတိထားရန်လိုအပ်သည်။ အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုး ဘီနှင့် စီသည် နေ့စဥ် ကူးစက်ဖြစ်ပွားမှုအသစ်ပေါင်း ၈,၀၀၀ ကျော်ရှိကာ အများစုမှာ မသိရှိဘဲကူးစက်ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် နှစ်တစ်နှစ်စီတိုင်း လူတစ်သန်းကျော်သည် အသည်းရောင်ရောဂါနှင့်ပတ်သက်ပြီး သေဆုံးရကာ ဆယ်စက္ကန့်တိုင်းတွင် နာတာရှည်အသည်းရောဂါသည် အသစ်တစ်ဦး ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် အသည်းကျန်းမာရေးသည် လူသားကျန်းမာရေးအတွက် အခြေခံအကြောင်းတရားဖြစ်လာသည်။
အသည်းရောင်ရောဂါကြောင့် သေဆုံးမှုအများအပြားကို ကာကွယ်တာဆီးနိုင်သည်။ အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုးအတွက် ကာကွယ်ဆေးများနှင့် ထိရောက်သော ကုသမှုများ၊ စီပိုးကို ပျောက်ကင်းစေနိုင်သော ကုသမှုများကြောင့် သင်နှင့် သင်ချစ်ခင်သောသူများကို ကာကွယ်နိုင်ပါသည်။
သင့်ကိုယ်သင် အသည်းရောင်ရောဂါမှ မည်သို့ ကာကွယ်ရမည်ကို တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းအပါအဝင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်ဆွေးနွေးပါ။
—————————
အဓိက အချက်အလက်များ
၁။ ဘဝတွင် အသက်တစ်ခုသာ ရရှိသကဲ့သို့ အသည်းလည်း တစ်ခုသာ ပိုင်ဆိုင်နိုင်သည်။ အသည်းရောင်ရောဂါသည် နှစ်ခုစလုံးကို ပျက်စီးစေနိုင်သည်။
၂။ ဗိုင်းရပ်စ်ကြောင့်အသည်းရောင်ခြင်းသည် နှစ်စဥ် လူတစ်သန်းကျော်ကို သေဆုံးစေနိုင်ဆဲဖြစ်သည်။
၃။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသည်းရောင်ရောဂါကို ရောဂါအမည်သတ်မှတ်ခြင်း မခံထားရသူများနှင့် ကုသမှု မရရှိသူများမှာ အလွန်များပြားလျက်ရှိရာ အဆိုပါအချက်ကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။
၄။ အသည်းရောင်ရောဂါကူးစက်မှု အများစုနှင့် သေဆုံးမှုတို့ကို ကာကွယ်နိုင်သည်။
၅။ ကိုဗစ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေ မဟုတ်တော့သောကြောင့် ယခုချိန်သည် အသည်းရောင်ရောဂါဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်နှင့် ကျန်ုပ်တို့၏ ၂၀၃၀ ခုနှစ် ရည်မှန်းချက်များ ရရှိအောင် ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။
—————————
၁။ ဘဝတွင် အသက်တစ်ခုသာ ရရှိသကဲ့သို့ အသည်းလည်း တစ်ခုသာ ပိုင်ဆိုင်နိုင်သည်။ အသည်းရောင်ရောဂါသည် နှစ်ခုစလုံးကို ပျက်စီးစေနိုင်သည်။
အသက်ရှင်နေထိုင်စေရေးအတွက် အသည်းသည် နေ့တစ်နေ့စီတိုင်း၌ အရေးကြီးလုပ်ငန်းပေါင်း ၅၀၀ ကျော်ကို တိတ်တဆိတ် လုပ်ဆောင်ပေးသည်။
ထို့ကြောင့်ပင် အသည်းကျန်းမာရေးကို အလေးထားခြင်းနှင့် မိမိအသည်းကျန်းမာရေးအခြေအနေကို သိရှိခြင်းသည် အလွန်အရေးကြီးလှပါသည်။
မိမိအသည်းကျန်းမာရေးအခြေအနေကို သိရှိခြင်းနှင့် ကုသမှုခံယူခြင်းကဲ့သို့ပင် အရက်သောက်ခြင်းကို လျှော့ချခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ သွေးတိုးရောဂါကုသခြင်းနှင့် ဆီးချိုရောဂါကုသခြင်းတို့သည်လည်း ကျန်းမာသော အသည်းဖြစ်စေရန် အဓိကအရေးပါသည်။
ကျန်းမာသောအသည်း၏အကျိုးကျေးဇူးများမှာ
အသက်ရှည်ခြင်း
ချစ်ခင်သူများကို အသည်းရောင်ရောဂါမှ ကာကွယ်ပေးခြင်း
အသည်းအပေါ်မှီခိုနေရသော နှလုံး၊ ဦးနှောက်နှင့် ကျောက်ကပ်အပါအဝင် အရေးကြီးအင်္ဂါအစိတ်အပိုင်းများကို ကာကွယ်ခြင်း တို့ဖြစ်သည်။
—————————
၂။ ဗိုင်းရပ်စ်ကြောင့်အသည်းရောင်ခြင်းသည် နှစ်စဥ် လူတစ်သန်းကျော်ကို သေဆုံးစေနိုင်ဆဲဖြစ်သည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီနှင့် စီ နှစ်ခုပေါင်းသည် နှစ်စဥ် လူ ၁.၁ သန်းသေဆုံးစေပြီး ရောဂါကူးစက်မှုအသစ် ၃ သန်း ဖြစ်ပွားစေသည်။
လူသန်းပေါင်း ၃၅၀ သည် ဗိုင်းရပ်စ်ကြောင့် နာတာရှည်အသည်းရောင်ရောဂါ ခံစားနေရသည်။
အသည်းရောင်ရောဂါကြောင့် လူ ၃,၀၀၀ နေ့စဥ် သေဆုံးနေရသည်။ ၎င်းမှာ ၃၀ စက္ကန့်တိုင်းတွင် အသည်းရောင်ရောဂါသည်တစ်ယောက် သေဆုံးနေရခြင်း ဖြစ်သည်။
နေ့စဥ် အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီနှင့် စီပိုး ကူးစက်မှုအသစ် ၈,၀၀၀ ကျော် ဖြစ်ပွားသည်။ ၎င်းမှာ တစ်မိနစ်တိုင်း လူ ၅ ယောက်ကျော် ကူးစက်ခံနေရခြင်း ဖြစ်သည်။
လက်ရှိအတိုင်းသာ ဆက်သွားနေပါက အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် နှစ်စဥ်သေဆုံးမှုသည် ငှက်ဖျား၊ တီဘီနှင့် အိပ်ချ်အိုင်ဗွီ သုံးမျိုးကြောင့် စုစုပေါင်းနှစ်စဥ်သေဆုံးမှုကို ၂၀၄၀ ခုနှစ်တွင် ကျော်လွန်သွားမည်ဖြစ်သည်။
—————————
၃။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသည်းရောင်ရောဂါကို ရောဂါအမည်သတ်မှတ်ခြင်း မခံထားရသူများနှင့် ကုသမှု မရရှိသူများမှာ အလွန်များပြားလျက်ရှိရာ အဆိုပါအချက်ကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။
ရောဂါပိုးကူးစက်မှုသည် တိတ်ဆိတ်စွာ ကူးစက်ဖြစ်ပွားလျက်ရှိပြီး အသည်းကျန်းမာရေးဆိုင်ရာ အသိပညာများသည်လည်း နိမ့်ပါးလျက်ရှိသည်။ ရောဂါလက္ခဏာအများစုသည်လည်း ရောဂါရင့်မှ ပေါ်ပေါက်လာသောကြောင့် ရောဂါအမည်သတ်မှတ်ခြင်း မခံထားရသူ အသည်းရောင်ရောဂါသည်များ အလွန်များပြားလာသည်။ ရောဂါကူးစက်ကြောင်း သိရှိသည့်တိုင်အောင် ကုသမှုခံယူသူ အလွန်နည်းပါးလှသည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီနှင့် စီပိုး နှစ်ကာလများစွာ တိတ်တဆိတ် ကူးစက်ခံရသူအများစုမှာ အသည်းရောဂါ ပြင်းထန်ခြင်းနှင့် အသည်းကင်ဆာဖြစ်မှသာ သိရှိကြသည်။
ရောဂါသိရှိသည့်တိုင်အောင် အသည်းရောင်ရောဂါခံစားနေသူများကို စောင့်ရှောက်မှုနှင့် ကုသမှုအဆင့်အတန်းမှာ အလွန်နိမ့်ကျနေသည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုးကြောင့် နာတာရှည်အသည်းရောဂါခံစားနေရသူများ၏ ၁၀ ရာခိုင်နှုန်းသာ ရောဂါအမည်သိရှိပြီး ၎င်း၏ ၂၂ ရာခိုင်နှုန်းသာ ကုသမှု ရရှိသည်။ ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဝန်ထုပ်ဝန်ပိုး၏ ၂ ရာခိုင်နှုန်း ရှိသည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် စီပိုး ကူးစက်ခံရသူ၏ ၂၁ ရာခိုင်နှုန်းသာ ရောဂါအမည်သိရှိပြီး ၎င်း၏ ၆၂ ရာခိုင်နှုန်းသာ ကုသမှု ရရှိသည်။ ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဝန်ထုပ်ဝန်ပိုး၏ ၁၃ ရာခိုင်နှုန်းဖြစ်သည်။
—————————
၄။ အသည်းရောင်ရောဂါကူးစက်မှု အများစုနှင့် သေဆုံးမှုတို့ကို ကာကွယ်နိုင်သည်။
ဒေသန္တရ ကျန်းမာရေးဝန်ဆောင်မှုများတွင် အလွယ်တကူရရှိနိုင်သော ဝန်ဆောင်မှုများပေးခြင်းသည် အသည်းရောင်ရောဂါတိုက်ဖျက်မှု အောင်မြင်စေရေး အဓိကအချက်ဖြစ်သည်။
အသည်းရောင်ရောဂါ တိုက်ဖျက်ရန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၃၀ ရည်မှန်းချက် ရရှိရန် ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်းအတွက် ရရှိသင့်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများမှာ-
နာတာရှည် အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုးကူးစက်ခံစားရသူ ကိုယ်ဝန်ဆောင်များသည် ကုသမှုရရှိပြီး ၎င်းတို့၏ မွေးကင်းစကလေးများကို ကူးစက်မှုကာကွယ်ရန် ဘီပိုးကာကွယ်ဆေး ထိုးနှံပေးရမည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုး သို့မဟုတ် စီပိုး ရှိသူများ၏ ၉၀ ရာခိုင်နှုန်းကို ရောဂါအမည် ရှာဖွေသတ်မှတ်ပေးရမည်။
ရောဂါသိရှိပြီးသူများ၏ ၈၀ ရာခိုင်နှုန်းသည် ပိုမိုသစ်လွင်သော အရည်အသွေးပြည့်မီသည့် စံနှုန်းများနှင့်အညီ ကုသမှု ခံယူရမည်။
သွေးလှူရှင်များ၏ သွေးများကို လုံလောက်သော စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများ၊ အိမ်နှင့် အထူးသဖြင့် မူးယစ်ဆေးထိုး သုံးစွဲသူများအကြား ဘေးကင်းသည့် ဆေးထိုးခြင်းအလေ့အထပြုလုပ်ခြင်းဖြင့် အသည်းရောင်ရောဂါဗိုင်းရပ်စ် စီပိုးကို ကာကွယ်နိုင်ပါသည်။
ကုသမှုဦးရေ တိုးလာမှုများ နှစ်ကြာလာပြီးသည့်နောက် လတ်တလောအချက်အလက်များအရ အသည်းရောင်ရောဂါ စီပိုး ကုသမှုခံယူသူဦးရေ နည်းလာသည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ်ဘီပိုးသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပြီး ကုသမှုဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ပါသည်။
ကုန်ကျစရိတ်နည်းလာခြင်းဖြင့် ကုသမှုနှုန်းကို မြင့်တက်စေသင့်သည်။
—————————
၅။ ကိုဗစ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေ မဟုတ်တော့သောကြောင့် ယခုချိန်သည် အသည်းရောင်ရောဂါဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်နှင့် ကျန်ုပ်တို့၏ ၂၀၃၀ ခုနှစ် ရည်မှန်းချက်များ ရရှိအောင် ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။
ကိုဗစ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ အသည်းရောင်ရောဂါတိုက်ဖျက်မှုကို ပြီးခဲ့သည့်နှစ်များအတွင်း ကြန့်ကြာစေခဲ့သည်။ သို့သော် ကလေးများတွင် အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုး ကူးစက်မှု လျှော့ချနိုင်ခြင်းဆိုင်ရာ အောင်မြင်မှု ဆက်လက်ရရှိနေခြင်းသည် တိုးတက်မှုဆက်လက်ရရှိနိုင်သည့် သဘောဖြစ်ပါသည်။ ယခုချိန်ခါသည် အသည်းရောင်ရောဂါပိုး စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ကို ဦးစားပေး၍ အသည်းရောင်ရောဂါကင်းစင်သည့် ကမ္ဘာဖြစ်စေရန်နှင့် ၂၀၃၀ ခုနှစ် ရည်မှန်းချက် ပြည့်မီအောင်လုပ်ဆောင်ရန် အချိန်ဖြစ်ပါသည်။
အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုး ကာကွယ်ဆေးကို ကလေးများအား ထိရောက်စွာ ထိုးနှံခြင်းဖြင့် ကူးစက်မှုလျှော့ချခြင်းသည် စဥ်ဆက်မပြတ်တိုးတက်ဖွံဖြိုးမှုဆိုင်ရာ ကျန်းမာရေးရည်မှန်းချက် Sustainable Development Goals (SDG) အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
မိခင်မှ ကလေးသို့ ကူးစက်မှုကို ကာကွယ်ခြင်း SDG ရည်မှန်းချက်ရရှိအောင် မွေးစအချိန်တွင် အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီပိုးကာကွယ်ဆေးထိုးနှံမှု များများဆောင်ရွက်နိုင်စေရန် အရေးတကြီးလိုအပ်နေပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Health,
National Unity Government.
Ref: https://www.who.int/campaigns/world-hepatitis-day/2023
—————————
အသည်းရောင်ရောဂါ (သို့မဟုတ်) အသည်းရောင်အသားဝါရောဂါ (Hepatitis) (Jan 2023)
အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း (Feb 2022)
အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B) (Dec 2022)
#nugmoh#liver#hepatitis#အသည်း#အသည်းရောင်#WorldHepatitisDay#WorldHepatitisDay2023#WHD#WHD2023

Published on: 8 August 2023
Last updated: 8 August 2023