“World Leprosy Day – January 28, 2024”

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့ (၂၈-၁-၂၀၂၄)

ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့ (World Leprosy Day) ကို နှစ်စဉ် ဇန်နဝါရီလ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပပါသည်။

ယခုနှစ်၏ ဇန်န၀ါရီလ (၂၈)ရက်၊ တနင်္ဂနွေနေ့သည် ကမ္ဘာ့အနာကြီးရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “အားလုံးပါ၀င် လက်တွဲပြီး အနာကြီးရောဂါကို တိုက်ထုတ်စို့”၊ “Beat Leprosy” ဖြစ်ပါသည်။

ဤဆောင်ပုဒ်တွင် ဦးတည်မျှော်မှန်းချက်နှစ်ရပ် ပါဝင်ပါသည်။ ၎င်းတို့မှာ

(၁) အနာကြီးရောဂါ ဝေဒနာရှင်များအား ခွဲခြားဆက်ဆံခြင်းများ မရှိစေခြင်းဖြင့် သိမ်ငယ်မှုများ မခံစားရစေရန်၊
(၂) အနာကြီးရောဂါ ဝေဒနာရှင်များ၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု လေးစားမြှင့်တင်ပေးရန်တို့ ဖြစ်ပါသည်။

ဦးတည်ရည်မှန်းချက်များဖြစ်သည့် အနာကြီးဝေဒနာရှင်များ အချိန်မီ ဆေးဝါးကုသနိုင်ခွင့်နှင့်အတူ မိမိတို့ ရှင်သန်နေထိုင်ရာ လူမှုပတ်ဝန်းကျင်အသီးသီးတွင် ခွဲခြားဆက်ဆံခံရခြင်း အလျဥ်းမရှိဘဲ ဂုဏ်သိက္ခာရှိစွာ တန်းတူပါဝင်ဆောင်ရွက်နိုင်ခွင့်နှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိစေနိုင်ခွင့် (သိမ်ငယ်မှု မခံစားရစေရေး) တို့ကို ပြည့်မီအောင် ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက အနာကြီးရောဂါကင်းစင်စေရေး ကြိုးပမ်းမှုတွင် အရေးပါထိရောက်သော အကြောင်းအခြင်းအရာများဖြစ်သည်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

အနာကြီးရောဂါဝေဒနာရှင်များအား ဂရုဏာထားကာ လေးစားမှုကို ပြသခြင်းဖြင့် ထိုသူတို့၏ သိမ်ငယ်မှုများအား ထိရောက်စွာ ဖယ်ရှားကာ လူ့အသိုက်အဝန်းမှ ဖယ်ကြဉ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများ မပြုမူသင့်ကြောင်း သတိပေးနှိုးဆော်ထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: https://www.who.int/news-room/events/detail/2024/01/28/default-calendar/world-leprosy-day-2024

#nugmoh #WorldLeprosyDay #LeaveNoOneBehind #EndStigma #ZeroDiscrimination #BeatLeprosy

Ministry of Health,
National Unity Government.

Published on: January 28, 2024
Last updated: January 28, 2024