“World Malaria Day 2024” (April 25, 2024)

ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့၊ ၂၀၂၄ ခုနှစ် (၂၅၊ ဧပြီ၊ ၂၀၂၄)
World Malaria Day 2024

ပိုမိုညီညွတ်မျှတသော ကမ္ဘာတစ်ခု ဖြစ်ရန်အတွက် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ကြပါစို့
“Accelerating the fight against malaria for a more equitable world”


မကြာသေးမီနှစ်များအတွင်း ငှက်ဖျားရောဂါလျှော့ချရေးလုပ်ငန်း တိုးတက်မှုသည် တန့်သွားသည်ကို တွေ့ခဲ့ရသည်။ ငှက်ဖျားရောဂါသည် လူ့ခန္ဓာကိုယ်ကျန်းမာရေးနှင့် အသက်ဆုံးရှုံးစေနိုင်မှုများကို တိုက်ရိုက်အန္တရာယ် ဖြစ်စေရုံသာမကဘဲ မညီမျှမှုသံသရာကြီးကိုလည်း ဆက်လက်ဖြစ်ပွားစေသည်။ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးများ၊ အသက် ၅ နှစ်အောက် ကလေးများ၊ ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဌာနေတိုင်းရင်းသားများတွင် ထိခိုက်ကူးစက်မှု အလွယ်ဆုံးအခြေအနေများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး ယင်းတို့အပေါ် အချိုးအစား မညီမျှစွာဖြင့် အဓိကသက်ရောက်မှု ဖြစ်နေပါသည်။

အာဖရိကဒေသသည် ငှက်ဖျားရောဂါ အဓိက ဖြစ်ပွားရာဒေသအဖြစ် ဆက်လက်တည်ရှိနေပါသည်။ (၂၀၂၂) ခုနှစ် အချက်အလက် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားမှု (၉၄) ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးမှု (၉၅) ရာခိုင်နှုန်း တို့သည် အာဖရိကဒေသမှ ဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့် ပညာရေးလက်လှမ်းမီမှု နည်းပါးသော အခြေအနေများတွင် နေထိုင်သော အာဖရိကဒေသရှိ ကျေးလက်နေပြည်သူများသည် ထိခိုက်မှု အများဆုံးဖြစ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် အခြား ထိခိုက်ကူးစက်လွယ်သော အုပ်စုများသည် လိုအပ်သော ငှက်ဖျားရောဂါ ဝန်ဆောင်မှုများကို အဘယ်ကြောင့် မရရှိနိုင်ကြသနည်း။ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ငှက်ဖျားရောဂါ ပပျောက်ရေးအတွက် RBM Partnership နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကမ္ဘာတစ်ဝှမ်းရှိ ငှက်ဖျားရောဂါ တုံ့ပြန်မှုများတွင် ဖြစ်ပေါ်လျက်ရှိသော ကျန်းမာရေးသာတူညီမျှမှု၊ ကျားမတန်းတူညီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အတားအဆီးများကို ထင်ရှားပေါ်လွင်စေသည့်အပြင် ၎င်းအတားအဆီး အခက်အခဲတို့ကို ကျော်လွှားရန်အတွက် ခိုင်မာသော အစီအမံများ ရေးဆွဲလုပ်ဆောင် အကောင်အထည်ဖော်လျက်ရှိပါသည်။

ငှက်ဖျားရောဂါကင်းစင်သော ကမ္ဘာကို ရရှိရန်

လူတိုင်းတွင် ငှက်ဖျားရောဂါကို ကာကွယ်ရန်၊ ရှာဖွေဖော်ထုတ်ရန်နှင့် ကုသရန်အတွက် အရည်အသွေးပြည့်မီသော၊ အချိန်နှင့် တပြေးညီ ဖြစ်သော၊ လက်လှမ်းမီ တတ်နိုင်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ရပိုင်ခွင့်ရှိသော်လည်း လက်ရှိတွင် ထိုအရာများသည် အားလုံးအတွက် လက်လှမ်းမမီသေးပေ။

မွေးကင်းစကလေးများနှင့် (၅) နှစ်အောက် ကလေးသူငယ်များတွင် ငှက်ဖျားရောဂါဖြင့် သေဆုံးမှုမှာ အမြင့်ဆုံးဖြစ်နေပြီး (၂၀၂၂) ခုနှစ်တွင် အာဖရိကဒေသ၌ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု (၅) ခုအနက် (၄) ခုခန့်သည် အသက် (၅) နှစ်အောက် ကလေးများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ ပညာရေးနှင့် ငွေကြေးအရင်းအမြစ်များ လက်လှမ်းမီတတ်နိုင်မှုအပိုင်းတွင် သာတူညီမျှမှုမရှိခြင်းများသည် ငှက်ဖျားရောဂါအန္တရာယ်ကို ပိုမိုဆိုးရွားစေသည်။ အာဖရိကရှိ ဆင်းရဲသော အိမ်ထောင်စုများမှ အသက် (၅) နှစ်အောက် ကလေးငယ်များသည် ချမ်းသာသော အိမ်ထောင်စုများမှ ကလေးငယ်များထက် ငှက်ဖျားရောဂါကူးစက်နိုင်ခြေ (၅) ဆခန့် ပိုမိုများပြားသည်ကိုတွေ့ရှိရပါသည်။

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ဦး၏ ငှက်ဖျားရောဂါအတွက် ခုခံအားကို လျော့ကျစေပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေနှုန်းကို ပိုမိုများပြားစေကာ ပြင်းထန်သောရောဂါနှင့် သေဆုံးနိုင်ခြေတို့ကို တိုးမြင့်စေသည်။ ကျားမမညီမျှမှု၊ ခွဲခြားဆက်ဆံခံရမှုနှင့် အန္တရာယ်ရှိသော ရိုးရာဓလေ့ဆိုင်ရာကျားမစံနှုန်းများသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ ငှက်ဖျားရောဂါကူးစက်နိုင်ခြေကို ပိုမိုမြင့်မားစေနိုင်သည်။ အချိန်မီထိရောက်စွာ ကုသမှုမရရှိပါက ငှက်ဖျားရောဂါကူးစက်ခံရသော ကိုယ်ဝန်ဆောင် မိခင်သည် ပြင်းထန်သော သွေးအားနည်းရောဂါ၊ မိခင်သေဆုံးခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲ မီးဖွားခြင်းနှင့် ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်းများကို ဖြစ်စေနိုင်ပါသည်။

ရွှေ့ပြောင်းနေထိုင်သူများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ ဒုက္ခသည်များနှင့် ဌာနေတိုင်းရင်းသားလူမျိုးများသည် ရောဂါထိန်းချုပ်ရေး ကြိုးပမ်းမှုများတွင် အကြောင်းအမျိုးမျိုးဖြင့် လွတ်ကင်းနေခြင်း၊ အကျိုးသက်ရောက်မှု နည်းပါးနေခြင်း တို့ကြောင့် ၎င်းတို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပြီး ပိုမိုဆိုးရွားသော အခြေအနေများကို အချိုးမညီမျှစွာ ကြုံတွေ့နေရပါသည်။

မြန်မာနိုင်ငံကဲ့သို့သော ငှက်ဖျားရောဂါဖြစ်ပွားမှုများသော နိုင်ငံများတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ သဘာဝကပ်ဘေးအန္တရာယ် ကြုံတွေ့ရခြင်း၊ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများအပါအဝင် ‌‌ဒေသတွင်းအရေးပေါ် အခြေအနေများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေ များပြားလာပြီး ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသော အခြေအနေများ ဖြစ်ပေါ်လာလျက်ရှိသည်။ ဖော်ပြပါ အခြေအနေတို့တွင် နေထိုင်နေကြသော လူအုပ်စုများနှင့် အခြားသော ထိခိုက်ကူးစက်လွယ်အုပ်စုများသည် ငှက်ဖျားရောဂါကာကွယ်ရန်၊ ‌ရောဂါဖြစ်ပွားသူများကို ရှာဖွေတွေ့ရှိရန်နှင့် အချိန်မီကုသမှုခံယူရန် လိုအပ်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများမှ လွတ်ကင်းနေသည့်အပြင် အကျိုးသက်ရောက်မှု နည်းနေဆဲဖြစ်ပြီး ငှက်ဖျားကင်းစင်သော ကမ္ဘာကိုရရှိရန် အဟန့်အတားဖြစ်စေပါသည်။

သို့ဖြစ်ပါ၍ (၂၀၂၄) ခုနှစ်၊ ဧပြီလ (၂၅) ရက်တွင် ကျရောက်သည့် ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့မှစတင်၍

🦟 ခွဲခြားဆက်ဆံခြင်းနှင့် သိမ်ငယ်မှုခံစားရခြင်းများမှ ရပ်တန့်စေခြင်း၊
🦟 ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် လူမှုအဖွဲ့အစည်းများကို ပါ၀င်စေခြင်း၊
🦟 လူအများနေထိုင် အလုပ်လုပ်ကိုင်သည့် နေရာများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို လွယ်ကူလက်လှမ်းမီစွာ ရရှိစေရေး လုပ်ဆောင်ပေးခြင်း၊
🦟 ငှက်ဖျားရောဂါအန္တရာယ် တိုးပွားစေသော အကြောင်းအရာများကို ‌ဒေသအလိုက် ရှာဖွေဖော်ထုတ် ဖြေရှင်းခြင်း၊
🦟 ငှက်ဖျားရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို အလေးထား ပူးပေါင်းဆောင်ရွက်ခြင်း

စသည်တို့ကို စီမံဆောင်ရွက်ပေးခြင်းဖြင့် “ပိုမိုမျှတလှပသော ကမ္ဘာအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ကြ” နိုင်ပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: World Health Organization

#nugmoh #WorldMalariaDay #WorldMalariaDay2024 #Malaria #Mosquito #ငှက်ဖျား #ခြင်

Ministry of Health,
National Unity Government.

Published on: April 25, 2024
Last updated: April 25, 2024