🫂 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (၁၀၊ အောက်တိုဘာ၊ ၂၀၂၂) – World Mental Health Day 2022 🫂
“လူသားအားလုံး စိတ်ကျန်းမာရေး … ကမ္ဘာတစ်ဝန်း ဦးစားပေး”
“Make mental health & well-being for all a global priority”
ကမ္ဘာ့ကပ်ရောဂါသည် ကျွန်ုပ်တို့၏ စိတ်ကျန်းမာရေးအခြေအနေကို ထိခိုက်စေနေသည့် ကာလအတွင်း ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (၂၀၂၂) မှတစ်ဆင့် အချင်းချင်းပြန်လည် ချိတ်ဆက်နိုင်ခြင်းကြောင့် စိတ်ကျန်းမာရေးနှင့်စပ်လျဉ်းသည့် ကာကွယ်မြှင့်တင်ရေးလုပ်ငန်းများအတွက် ကျွန်ုပ်တို့၏ အားထုတ်မှုများကို ပြန်လည်တောက်ပစေမည့် အခွင့်အရေးများ ရရှိစေပါသည်။
ကပ်ရောဂါမဖြစ်ပေါ်မီကပင် စိတ်ကျန်မာရေးဆိုင်ရာ ကဏ္ဍများစွာတို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ခဲ့ရပြီး (၂၀၁၉) ခုနှစ်တွင် ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း လူ (၈) ဦးတွင် တစ်ဦးသည် စိတ်ကျန်းမာရေး ပြဿနာတစ်ခုခုနှင့် နေထိုင်အသက်ရှင်နေရကြောင်း တွေ့ရသည်။ တစ်ချိန်တည်းမှာပင် စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ ကျွမ်းကျင်မှုများနှင့် ငွေကြေးထောက်ပံ့မှုများ လျော့ကျ လျက်ရှိပြီး အထူးသဖြင့် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် လိုအပ်ချက်များ ပြည့်မီနိုင်ရန် များစွာအလှမ်းကွာလျက်ရှိကြောင်း တွေ့ရလေသည်။
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးအကျပ်အတည်း ဖြစ်ပေါ်လာပြီး ကာလတိုနှင့် ကာလရှည် စိတ်ဖိစီးမှုများ ခံစားလာရကာ လူဦးရေသန်းနှင့်ချီ၍ စိတ်ကျန်းမာရေး ချွတ်ချုံကျမှုများ ကြုံတွေ့ရသည်။ ကပ်ရောဂါ ပထမနှစ်အတွင်း စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်ကျရောဂါ ကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ (၂၅) ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ခန့်မှန်းသိရှိရသည်။ တစ်ချိန်တည်းမှာပင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆိုးရွားစွာ ပြတ်တောက် ပျက်စီးလာပြီး စိတ်ကျန်းမာရေးဆိုင်ရာ ဖြစ်ပေါ်လာသောအခြေအနေများနှင့် ကုသမှုပေးနိုင်မှုကြား ကွာဟချက် ကြီးမားသည်ထက်ကြီးမားလာသည်။
လူမှုရေးနှင့် စီးပွားရေး မညီမျှမှုများ မြင့်တက်လာခြင်း၊ ရှည်လျားသော ပဋိပက္ခများ၊ ကမ္ဘာ့လူဦးရေ အားလုံးကို ထိခိုက်သက်ရောက်မှုရှိသော အကြမ်းဖက်မှုများနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများက ပတိရူပလူ့အဖွဲ့အစည်းဆီသို့ ရှေးရှုနေမှုများကို ခြိမ်းခြောက်လျက်ရှိပြီး (၂၀၂၁) ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ (၈၄) သန်းကို အတင်းအကျပ် နေရပ်ရွှေ့ပြောင်းစေခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် လူတစ်ဦးချင်းစီအလိုက်၊ လူ့အဖွဲ့အစည်းတစ်ခုချင်းစီအလိုက်၊ အစိုးရအဖွဲ့အစည်းများအလိုက်၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ ကတိကဝတ်ပြုမှု တန်ဖိုးထားမှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ကဏ္ဍပေါင်းစုံမှ တာဝန်ရှိသူများ၏ လက်တွဲဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကတိကဝတ်ပြုမှုများကိုလည်း မြှင့်တင်ရပါမည်။ အလုံးစုံသော စိတ်ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်ချက်များ ပြည့်မီစေရန်အတွက် လူထုအခြေပြု ချိတ်ဆက်မှုများမှတစ်ဆင့် အရည်အသွေးပြည့်မီသော စိတ်ကျန်းမာရေးဝန်ဆောင်မှုများနှင့် အထောက်အပံ့များကို လက်လှမ်းမီ ရရှိစေရေးအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုများကို ခိုင်မာအားကောင်းလာအောင် ဆောင်ရွက်ကြရပါမည်။
စိတ်ဒဏ်ရာများနှင့် ခွဲခြားဆက်ဆံခြင်းများသည် မှန်ကန်သော စောင့်ရှောက်မှုရရှိရန်နှင့် လူမှုရေးဆိုင်ရာ အားလုံးပါဝင်နိုင်ရေးအတွက် အတားအဆီးများဖြစ်လျက်ရှိပေရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ကျွန်ုပ်တို့တတ်စွမ်းသမျှ လုပ်ဆောင်ကြရ မည်ဖြစ်ပြီး၊ ထိုသို့စုစည်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ သည် အထောက်အပံ့ ကောင်းတစ်ရပ်ဖြစ်ပါသည်။ လိုအပ်သော စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းရရှိနိုင်သော၊ လူ့အခွင့်အရေးကို ဖော်ဆောင်နိုင်သော၊ စိတ်ကျန်းမာရေးသုခကို လူတိုင်းခံစားနိုင်သော တူညီသည့် အခွင့်အလမ်းရရှိသော၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို တန်ဖိုးထားမြှင့်တင်ကာကွယ်ပေးသည့် ကမ္ဘာတစ်ခုကို ကျွန်ုပ်တို့ဖော်ဆောင်ကြရပါမည်။
“လူသားအားလုံး စိတ်ကျန်းမာရေး … ကမ္ဘာတစ်ဝန်း ဦးစားပေး” ဟူသော ဆောင်ပုဒ်အတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ထိုဆောင်ပုဒ်ကို ဖော်ဆောင်နိုင်ရန်အတွက် စိတ်ကျန်းမာရေးကဏ္ဍကို သတိပြုမိစေပြီး အစိုးရအဖွဲ့များအပါအဝင် တာဝန်ရှိသူများကို အတူတကွ ပူးပေါင်းပါဝင်လာစေရန် အသိပေးတင်ပြရမည်ဖြစ်ပြီး စိတ်ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုးခံစားနေရသော လူသားများအတွက် အထောက်အပံ့ကောင်း ဖြစ်နိုင်မည်ဖြစ်သည်။
Source:
https://www.who.int/campaigns/world-mental-health-day/2022
စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-
👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု
တယ်လီကျန်းမာ ဆေးခန်း (MOH)
https://facebook.com/telehealthmm
👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဝန်ဆောင်မှု
တိုင်ပင်ဖော် ဝန်ဆောင်မှု (MOWYCA)
https://facebook.com/taingpinphaw
👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု
Mind Healers -စိတ်ခွန်အားပေးသူများ (MOHADM)
https://facebook.com/MindHealersMM
Ministry of Health,
National Unity Government.

Published on: 10 October 2022
Last Updated: 10 October 2022