World Neglected Tropical Diseases Day (January 30, 2023)

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့ (၂၀၂၃ ခုနှစ်)

World Neglected Tropical Diseases Day (January 30, 2023)

ချက်ချင်း လုပ်ဆောင်ပါ။ အတူတကွ လုပ်ဆောင်ပါ။ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ ကာကွယ်နှိမ်နင်းတိုက်ဖျက်ရေးအတွက် ရင်းနှီးမြှုပ်နှံပါ။

Act Now. Act Together. Invest in Neglected Tropical Diseases

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ (NTDs) သည် အပူပိုင်းဒေသများတွင် အဓိကအဖြစ်များသော ရောဂါ အမျိုး (၂၀) ခန့် ပါဝင်သော ရောဂါများ ဖြစ်ပြီး ၎င်းတို့သည် ဆင်းရဲနွမ်းပါးသော အသိုင်းအဝိုင်းတွင်နေထိုင်သော လူဦးရေ သန်းတစ်ထောင်ကျော်ကို ထိခိုက်စေပါသည်။ အဆိုပါရောဂါများသည် အမျိုးမျိုးသော ရောဂါပိုးများဖြစ်သည့် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုး၊ မှို (Fungi) နှင့် အဆိပ်အတောက် (Toxins) များကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ ထိုရောဂါများကြောင့် လူသန်းတစ်ထောင်ကျော်တို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားကြရလျက်ရှိပါသည်။

သို့သော် အဆိုပါ အပူပိုင်းဒေသများတွင် အဖြစ်များသောရောဂါများမှာ ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များတွင် မပါဝင်သလောက် လျစ်လျူရှုထားခံနေရပြီး ထိုရောဂါများ အတွက် ရန်ပုံငွေလည်း အနည်းငယ်သာရရှိကာ လူမှုရေးဆိုင်ရာ ချန်လှပ်မှု၊ ခွဲခြားဆက်ဆံခံရမှုများနှင့်လည်း ဆက်စပ်လျက်ရှိပါသည်။ ၎င်းတို့သည် အမေ့လျော့ခံ လူတန်းစားများတွင် ဖြစ်ပွားလေ့ရှိသော ရောဂါမျိုး ဖြစ်ပြီး ပညာရေးဆိုင်ရာ ရလဒ်မကောင်းမှုများမှ တစ်ဆင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေး လျော့ပါးစေသည်ထိ သံသရာဆိုးကြီးကို ဖြစ်ပေါ်စေနိုင်ပါသည်။

အပူပိုင်းဒေသများတွင် အဖြစ်များသောရောဂါများ

သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး၊ ဆင်ခြေထောက်၊ အနာကြီးရောဂါ၊ ဝဲနှင့် အခြားပိုးကြောင့်ဖြစ်သော အရေပြားရောဂါ၊ ခွေးရူးပြန်ရောဂါ၊ မြွေကိုက်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ၊ မြေကြီးမှတစ်ဆင့် ကူးစက်တတ်သော သန်ကောင်ရောဂါ၊ taeniasis/cysticercosis, Buruli ulcer, Chagas disease, dracunculiasis, echinococcosis, foodborne trematodiases, human African trypanosomiasis, leishmaniasis, mycetoma, chromoblastomycosis and other deep mycoses, onchocerciasis, and yaws.

အထိမ်းအမှတ်နေ့ဆိုင်ရာ အဓိကသတင်းစကားများ

“ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံ ရောဂါများအထိမ်းအမှတ်နေ့” ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချက်ချင်း လုပ်ဆောင်ပါ။ အတူတကွ လုပ်ဆောင်ပါ။ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ ကာကွယ်နှိမ်နင်းတိုက်ဖျက်ရေးအတွက် ရင်းနှီးမြှုပ်နှံပါ။
Act now. Act together. Invest in neglected tropical diseases

၁။ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ (NTDs) ကို အဆုံးသတ်နိုင်စေရန် ချက်ချင်း လုပ်ဆောင်ပါ။ အတူတကွ လုပ်ဆောင်ပါ။

ယခု ၂၀၂၃ ခုနှစ်သည် NTDs နှင့် ထိုရောဂါများကြောင့် ဖြစ်စေသော ဆင်းရဲဒုက္ခများကို မီးမောင်းထိုး ပြရမည့် နှစ်ဖြစ်ပြီး ရောဂါခံစားနေကြသူများအတွက် ပြည့်စုံလုံလောက်သော အလုံးစုံကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ဖြစ်ပါသည်။ မညီမျှမှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အပြည့်အဝကာကွယ်၍ရနိုင်သော ရောဂါများ ကူးစက်ဖြစ်ပွားမှုကို အဆုံးသတ်နိုင်ရန် အားလုံးပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြရပါမည်။

၂။ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆက်လက်ရယူနိုင်ကြစေရန် ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်ပါ။

ဆေးဝါးများ၊ ရောဂါရှာဖွေမှုများနှင့် NTDs ရောဂါများအတွက် မရှိမဖြစ်လိုအပ်သော နည်းပညာများ ရရှိနိုင်ရေးအတွက် လှူဒါန်းမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများ မှတစ်ဆင့် ရေရှည်တည်တံ့အောင် တိုးချဲ့စီစဉ်ဆောင်ရွက်သင့်ပါသည်။ ကမ္ဘာနိုင်ငံအသီးသီးနှင့် NTDs စီမံချက်များအနေဖြင့် COVID-19 ကပ်ရောဂါမတိုင်မီနှင့် ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အတားအဆီးများကို ဖော်ထုတ်သတ်မှတ်နိုင်ရန် နည်းလမ်းသစ်များကို တီထွင်ဆန်းသစ်အသုံးပြုရပါမည်။

၃။ နိုင်ငံအသီးသီးမှ တာဝန်ယူမှု တာဝန်ခံမှုများ ပိုမိုအားကောင်းလာစေရန်အတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်နိုင်ကြစေရန် အားဖြည့်လုပ်ဆောင်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ NTD လမ်းပြမြေပုံ (၂၀၂၁-၂၀၃၀) သည် NTD ပရိုဂရမ်များ ပေါင်းစည်းရန်၊ အခြားကဏ္ဍများနှင့် ချိတ်ဆက်မှုများ လုပ်ဆောင်ရန် (ပညာရေး၊ အာဟာရ၊ WASH – Water, Sanitation & Hygiene၊ တိရိစ္ဆာန်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး)၊ ကျန်းမာရေးစနစ်များနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် NTDs များကို အလေးပေးဆောင်ရွက်ကြရန်နှင့် နိုင်ငံအသီးသီးမှ တာဝန်ယူမှု တာဝန်ခံမှုများ ပိုမိုအားကောင်းလာစေရန် အဓိက ဦးတည်ထားပါသည်။

၄။ အကောင်းဆုံးရလဒ်များအတွက် NTDs များအား ကာကွယ်နှိမ်နင်းတိုက်ဖျက်ရေးတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံပါ။

ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု၊ လုပ်ဆောင်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံအသီးသီးတို့သည် NTDs များကို အနိုင်ယူနိုင်ပါသည်။ NTD စီမံချက်များသည် ကုန်ကျစရိတ်နှင့် ထိုက်တန်သော အကျိုးကျေးဇူးများ ပြန်လည်ရရှိနိုင်သည့် လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ဆေးဝါးကုမ္ပဏီများမှ ဆေးဝါးလှူဒါန်းခြင်းမှလည်း အကျိုးကျေးဇူးများ ထပ်မံရရှိနိုင်ပါသည်။
NTDs များတွင် ရင်းနှီးမြှုပ်နှံမှုသည် ဆင်းရဲမွဲတေမှုကို လျှော့ချရန် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဟု ယူဆနိုင်ပြီး၊ လူများနှင့် ၎င်းတို့၏ မိသားစုများကို ပိုမိုကျန်းမာပြီး စီးပွားရေးအရ ပိုမိုဖြစ်ထွန်းသော ဘဝများကို ရရှိစေနိုင်မည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်သည်။ NTDs များ၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် အဓိကသော့ချက်မှာ စဉ်ဆက်မပြတ် ရန်ပုံငွေရရှိရေး ဖြစ်ပါသည်။

၅။ NTD လမ်းပြမြေပုံ (၂၀၂၁-၂၀၃၀) ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် စဉ်ဆက်မပြတ် ပါဝင် ဆောင်ရွက်ပါ။

ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း လမ်းပြမြေပုံ (၂၀၂၁-၂၀၃၀) ကို ပြဌာန်းပြီး ၂ နှစ်အကြာတွင် လုပ်ဆောင်ချက်များမှာ တိုးတက်မှု ရရှိပြီး ဖြစ်ပါသည်။ နိုင်ငံအသီးသီးတို့သည် ၎င်းတို့၏ ကတိအတိုင်း ရောဂါခံစားနေရသူများအတွက် အရည်အသွေးကောင်းမွန်သော NTD ဝန်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်ပေးကြရမည် ဖြစ်ပါသည်။

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများနှင့် သာတူညီမျှမှု

၁။ သာတူညီမျှစွာ ရယူနိုင်မှု

လူတိုင်းသည် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ (သို့မဟုတ်) လူတိုင်းတတ်နိုင်သော ပမာဏဖြင့် ရယူနိုင်ရမည်။

၂။ သာတူညီမျှစွာ စောင့်ရှောက်ပေးမှု

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများကြောင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲ၊ ပြဿနာများကို ကောင်းစွာသိရှိဖော်ထုတ်နိုင်ရမည်။ ဥပမာ – ရောဂါကုသခြင်း၊ မသန်စွမ်းမှုများရှိလာပါက စီမံဆောင်ရွက်ပေးခြင်း၊ ဖယ်ကြဉ်ခံရခြင်းများနှင့် လူမှုအသိုင်းအဝိုင်းမှ ပယ်ထုတ်ခံရခြင်းများ ပပျောက်အောင် ကူညီပေးခြင်း။

၃။ သာတူညီမျှစွာ အသိအမှတ်ပြုခြင်း
အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများတိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသူတိုင်း (စေတနာ့ဝန်ထမ်းများမှသည် မူဝါဒချမှတ်သူများအထိ) ကို အသိအမှတ်ပြုပေးရန် မရှိမဖြစ် လိုအပ်ပါသည်။

Reference: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #WorldNeglectedTropicalDiseasesDay #WorldNeglectedTropicalDiseasesDay2023 #NeglectedTropicalDiseases #NTDs #WNTD #WNTD2023

Ministry of Health,

National Unity Government.

Published on: 30 January 2023
Last Updated: 30 January 2023