World No Tobacco Day 2023 (May 31, 2023)

ကမ္ဘာ့ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေးနေ့၊ ၂၀၂၃ ခုနှစ်
World No Tobacco Day 2023 (May 31, 2023)

“ကျွန်ုပ်တို့ အစာကို လိုအပ်သည်၊ ဆေးလိပ်/ဆေးရွက်ကြီးကို မလိုအပ်ပါ”
“We need food, not tobacco”

(၂၀၂၃) ခုနှစ် မေလ (၃၁) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာအဖွဲ့များ စုပေါင်းပြီး ကျင်းပမည်ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ကျွန်ုပ်တို့ အစာကို လိုအပ်သည်၊ ဆေးလိပ်/ဆေးရွက်ကြီးကို မလိုအပ်ပါ” ဟူ၍ဖြစ်သည်။ (၂၀၂၃) ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုသည် ဆေးရွက်ကြီး အစားထိုးသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စျေးကွက်ရှာဖွေရေး အခွင့်အလမ်းများအကြောင်း အသိပညာများ မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့ပြီး အာဟာရပြည့်ဝသော သီးနှံများ စိုက်ပျိုးခြင်းကို အားပေးရန် ရည်ရွယ်ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို အထောက်အကူဖြစ်စေသော ဆေးရွက်ကြီး အစားထိုး စိုက်ပျိုးမူကို အနှောင့်အယှက်ဖြစ်စေသည့် ဆေးလိပ်လုပ်ငန်းများ၏ ကြိုးပမ်းမှုများကို ဖော်ထုတ်ရန်လည်း ရည်ရွယ်ပါသည်။

ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်ခြင်းသည် စားနပ်ရိက္ခာ မလုံလောက်မူကို ပိုမိုဆိုးရွားစေသည်

ကြီးထွားလာနေသော စားနပ်ရိက္ခာအကျပ်အတည်းသည် ပဋိပက္ခများနှင့် စစ်ပွဲများ၊ ရာသီဥတုဖောက်ပြန်မှုများနှင့် COVID-19 ကပ်ရောဂါ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ဖြစ်ပါသည်။ သီးနှံရွေးချယ်စိုက်ပျိုးမှုဆိုင်ရာ အကြောင်းရင်းများသည် အကျိုးသက်ရောက်မှုရှိပြီး ဆေးရွက်ကြီးစိုက်ပျိုးမှုသည် အစားအစာမလုံလောက်မူကို တိုးမြင့်လာစေကြောင်း လေ့လာရန် လိုအပ်ပါသည်။

🚭 ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် စိုက်ပျိုးမြေ ဟက်တာ (၃.၅) သန်းခန့်ကို ဆေးရွက်ကြီး စိုက်ပျိုးရန်အတွက် ပြောင်းလဲအသုံးပြုလျက်ရှိသည်။ ဆေးရွက်ကြီး စိုက်ပျိုးခြင်ကြောင့် တစ်နှစ်လျှင် သစ်တောပြုန်းတီးမှု ဟက်တာ (၂၀၀,၀၀၀) ဖြစ်ပေါ်လျက်ရှိသည်။
🚭 ဆေးရွက်ကြီး စိုက်ပျိုးရာတွင်၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို အလွန်အကျွံ အသုံးပြုခြင်းတို့ကြောင့် မြေဆီလွှာပျက်စီးဆုံးရုံးမူကိုဖြစ်ပေါ်စေပါသည်။
🚭 ဆေးရွက်ကြီးသည် မြေဆီဩဇာ လျော့နည်းစေသောကြောင့် ဆေးရွက်ကြီး စိုက်ပျိုးထားသောမြေတွင် အစားအစာကဲ့သို့သော အခြားသီးနှံများ ဖြစ်ထွန်းမှုကို နည်းပါးစေပါသည်။
🚭 ပြောင်းစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်စားကျက်များကဲ့သို့ အခြားသော စိုက်ပျိုးရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ဆေးရွက်ကြီးစိုက်ပျိုးခြင်းသည် ဂေဟစနစ်ကို ပိုမိုပျက်စီးစေပြီး သဲကန္တာရများ ဖြစ်ပေါ်သည်အထိ ဆိုးကျိုးရှိပါသည်။
🚭 ဝင်ငွေနည်းသော နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင် ဆေးရွက်ကြီးမှ ရရှိသည့် အမြတ်ငွေသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် ပျက်စီးဆုံးရှုံးမှုများကို ကာမိစေမည်မဟုတ်ပါ။ ထိုအကြောင်းများကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှုကို လျှော့ချရန်နှင့် အစားထိုး စားနပ်ရိက္ခာ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးသို့ ပြောင်းရွှေ့ရန်အတွက် လယ်သမားများကို ကူညီပေးရန် ဥပဒေဆိုင်ရာ အစီအမံများ အရေးတကြီး လိုအပ်ပါသည်။

အစားထိုး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးရေး ပံ့ပိုးကူညီခြင်း

ဆေးရွက်ကြီးလုပ်ငန်းများသည် ဆေးရွက်ကြီးစိုက်ပျိုးသော တောင်သူများ၏ အသက်မွေးဝမ်းကြောင်းအတွက် မကြာခဏ ဖော်ပြဂုဏ်ပြုလေ့ရှိသည်။ ၎င်းသည် အမှန်တရားနှင့် အလွန်ဝေးကွာပါသည်။ဆေးရွက်ကြီး စိုက်ပျိုးချိန်အတွင်း ပိုးသတ်ဆေးနှင့် အဆိပ်သင့်ဓာတုပစ္စည်းများကို ပြင်းထန်စွာ ကိုင်တွယ်ခြင်းသည် တောင်သူလယ်သမားများနှင့် ၎င်းတို့၏ မိသားစုများ ကျန်းမာရေးချို့တဲ့မှုကို ဖြစ်စေပါသည်။ ထို့အပြင် ဆေးရွက်ကြီးကုမ္ပဏီများနှင့် တရားမျှတမှု မရှိသော စာချုပ်ပါ အစီအစဉ်များသည် လယ်သမားများအား ဆင်းရဲမွဲတေမူကို ဖြစ်စေပြီး ဆေးရွက်ကြီး စိုက်ပျိုးမှုတွင် ဝင်ရောက်လုပ်ကိုင်ရသော ကလေးလုပ်သားများသည် ပညာသင်ကြားခွင့် မရရှိခြင်းကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပါသည်။

အကြီးဆုံး ဆေးရွက်ကြီး စိုက်ပျိုးနိုင်ငံ (၁၀) နိုင်ငံတွင် (၉) နိုင်ငံသည် ဝင်ငွေနည်းသော နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေ ရှိသော နိုင်ငံများ ဖြစ်ပြီး ၄င်းတို့အနက် (၄) နိုင်ငံမှာ ဝင်ငွေနည်းသော၊ အစားအစာ ချို့တဲ့သော နိုင်ငံများ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ဆေးရွက်ကြီး စိုက်ပျိုးသည့် မြေများကို အကျိုးရှိစွာအသုံးပြုခြင်းဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၂ (လုံးဝ ငတ်မွတ်မှု မရှိရေး) ရရှိရန်အတွက် ပိုမိုထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

(၂၀၂၃) ခုနှစ်၊ ကမ္ဘာ့ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေးနေ့ လှုပ်ရှားမှုသည် အစိုးရများနှင့် မူဝါဒချမှတ်သူများအား ဥပဒေပြုရန်၊ သင့်လျော်သော မူဝါဒများနှင့် မဟာဗျူဟာများကို ဖော်ဆောင်ရန်နှင့် ဆေးရွက်ကြီးစိုက်ပျိုးသော တောင်သူများနှင့် ၎င်းတို့၏ မိသားစုများကို ပိုမိုကောင်းမွန်သော ဘဝရရှိစေမည့် အစားအစာသီးနှံများ စိုက်ပျိုးရေးအတွက် စျေးကွက်အခြေအနေများကို ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဆေးရွက်ကြီးထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်မူဘောင်တွင် ဆေးရွက်ကြီးလုပ်သားများ၊ စိုက်ပျိုးသူများနှင့် တစ်ဦးချင်း ရောင်းချသူများအနေဖြင့် အစားထိုးသီးနှံစိုက်ပျိုးခြင်းဆိုင်ရာတွင် စီးပွားရေးပြေလည်မှုရှိစေရန် (အပိုဒ် ၁၇) နှင့် ပတ်ဝန်းကျင်နှင့် လူထု၏ကျန်းမာရေးကို ကာကွယ်မှုပေးရန် (အပိုဒ် ၁၈) အတွက် တိကျသောအခြေခံမူများနှင့် မူဝါဒများကို ချမှတ်ထားပါသည်။ ဤပြဋ္ဌာန်းချက်များကို နိုင်ငံများတွင် ခိုင်မာအားကောင်းစွာ အကောင်အထည်ဖော်သင့်ပါသည်။

Reference: World Health Organization

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #tobacco #WorldNoTobaccoDay2023 #WorldNoTobaccoDay #WNTD2023 #WNTD #food

Ministry of Health,

National Unity Government.

Published on: 31 May 2023

Last updated: 31 May 2023