“World Patient Safety Day 2023: Engaging Patients for Patient Safety” (September 17, 2023)

လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ကမ္ဘာ့နေ့၊ ၂၀၂၃ ခုနှစ် – လူနာဘေးကင်းလုံခြုံရေးတွင် လူနာများကိုယ်တိုင် ပါဝင်စေရန် ဆွဲဆောင်ပါ

World Patient Safety Day 2023: Engaging Patients for Patient Safety

၁၇ စက်တင်ဘာ ၂၀၂၃

“လူနာများ၏ အသံကို မြှင့်တင်ပါ”
“Elevate the voice of patients!”

လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ကမ္ဘာ့နေ့၊ ၂၀၂၃ ခုနှစ်ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဘေးကင်းရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသော လူနာများ၊ မိသားစုများနှင့် ပြုစုစောင့်ရှောက်သူများကို အသိအမှတ်ပြုသည့် အနေဖြင့် “လူနာဘေးကင်းလုံခြုံရေးတွင် လူနာများကိုယ်တိုင် ပါဝင်စေရန် ဆွဲဆောင်ပါ” ဆောင်ပုဒ်ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုတွင် လူနာများအား လုပ်ဖော်ကိုင်ဖက်များအဖြစ် တိုင်ပင်ကုသပေးသောအခါ ဘေးကင်းမှု၊ လူနာစိတ်ကျေနပ်မှုနှင့် ကျန်းမာရေးဆိုင်ရာ ရလဒ်များတွင် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရရှိကြောင်း အထောက်အထားများက ပြသထားပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ တက်ကြွသောအဖွဲ့ဝင်များ ဖြစ်လာခြင်းအားဖြင့် လူနာများသည် ၎င်းတို့၏စောင့်ရှောက်မှု ဘေးကင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

“လူနာများ၏ အသံကို မြှင့်တင်ပါ” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား မူဝါဒရေးဆွဲရာတွင် ပါဝင်ရန်၊ အုပ်ချုပ်မှုဖွဲ့စည်းပုံများတွင် ကိုယ်စားပြုအဖြစ် ပါဝင်နိုင်ရန်၊ ဘေးကင်းရေးဗျူဟာများကို ရေးဆွဲရာတွင် ပူးပေါင်းပါဝင်နိုင်ရန် နှင့် သူတို့ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှုများတွင် တက်ကြွသော မိတ်ဖက်များ ဖြစ်လာစေရန်အတွက် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းဆိုထားပါသည်။ ဘေးကင်းမှု၊ လူနာဗဟိုပြုမှု၊ ယုံကြည်စိတ်ချရမှုနှင့် သာတူညီမျှမှုတို့ကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ အသံ၊ စိုးရိမ်မှုများ၊ မျှော်လင့်ချက်များနှင့် လိုအပ်ချက်များကို မြှင့်တင်ရန် နယ်ပယ်အသီးသီးမှ လူနာများ၊ မိသားစုများနှင့် အသိုင်းအဝိုင်းများအတွက် လိုအပ်သော အခင်းအကျင်းများနှင့် အခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းဖြင့်သာ အောင်မြင်နိုင်ပါသည်။

လူနာနှင့် မိသားစု ပူးပေါင်းဆောင်ရွက်မှုကို “လူနာဘေးကင်းရေး ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု” ဆုံးဖြတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ လူနာဘေးကင်းလုံခြုံရေး လုပ်ငန်းအစီအစဉ် ၂၀၂၁ – ၂၀၃၀ တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်စဉ်အတွင်း ရှောင်ရှားနိုင်သော အန္တရာယ်များကို အပြီးတိုင်ဖယ်ရှားရေးနိုင်ရေးအတွက် အဓိကဗျူဟာများအဖြစ် ထည့်သွင်းထားသည်။ (Resolution WHA72.6)

လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ကမ္ဘာ့နေ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးနေ့များထဲမှ တစ်ခုဖြစ်သည်။ ထိုနေ့ကို (၇၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် “လူနာဘေးကင်းရေး ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု” ဆုံးဖြတ်ချက် (Resolution WHA72.6) ကို လက်ခံအတည်ပြုခြင်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါသည်။ ထိုနေ့၏ ရည်ရွယ်ချက်မှာ လူအများ၏ အသိပညာနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ နားလည်မှုများ မြှင့်တင်ရန်နှင့် လူနာဘေးကင်းရေးနှင့် လူနာအတွက် ကျရောက်နိုင်သော အန္တရာယ်များကို လျှော့ချရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် လုပ်ဆောင်ချက်များကို ဦးတည်လုပ်ဆောင်ရန် ဖြစ်သည်။

လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ကမ္ဘာ့နေ့၊ ၂၀၂၃ ခုနှစ်၏ ရည်ရွယ်ချက်များ

● လူနာဘေးကင်းရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်တိုင်းတွင် လူနာများ၊ ၎င်းတို့၏မိသားစုများနှင့် ပြုစုစောင့်ရှောက်မှုပေးသူများ၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းကို ကမ္ဘာလုံးဆိုင်ရာ အသိမြှင့်တင်နိုင်အောင် ပြုလုပ်ပါ။
● ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ငန်းများနှင့် မူဝါဒများ ချမှတ်ရာတွင် မူဝါဒချမှတ်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများ၊ လူနာများနှင့် ဆိုင်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားပါဝင်ပတ်သက်သူများသည် လူနာများ၊ မိသားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပါ။
● ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် တက်ကြွစွာ ပါဝင်နိုင်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဘေးကင်းပြီး တိုးတက်ကောင်းမွန်လာစေရန် လူနာများနှင့် မိသားစုများအား စွမ်းရည် မြှင့်တင်ပေးပါ။
● မိတ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ရမည့် ကမ္ဘာလုံးဆိုင်ရာ လူနာဘေးကင်းလုံခြုံရေး လုပ်ငန်းအစီအစဉ် ၂၀၂၁ – ၂၀၃၀ နှင့်အညီ လူနာများနှင့် မိသားစုများ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အရေးတကြီး လုပ်ဆောင်ရန် စည်းရုံးထောက်ခံအားပေးပါ။

ဤနေ့လှုပ်ရှားမှုအစီအစဉ်၏ အဓိကအချက်များ

● ဘေးကင်းလုံးခြုံသော ကျန်းမာရေးစောင့်ရှောက်မှုသည် အချိန်တိုင်း၊ နေရာတိုင်း၊ လူနာတိုင်းအတွက် အခြေခံ လူ့အခွင့်အရေးဖြစ်သည်။ သို့ရာတွင် လုံခြုံစိတ်ချရမှု မရှိသော စောင့်ရှောက်မှုများကြောင့် လူနာထိခိုက်ရမှုများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သေဆုံးမှုနှင့် မသန်စွမ်းမှု၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် သန်းနှင့်ချီသော လူနာများကို ထိခိုက်နစ်နာစေပါသည်။
● လူနာနှင့် မိသားစုများ ပူးပေါင်းပါဝင်နိုင်မှုသည် ပိုမိုဘေးကင်းသော ကျန်းမာရေးစနစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အဓိကဗျူဟာတစ်ခုဖြစ်သည်။ ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အသုံးပြုသူများဖြစ်သော လူနာများနှင့် မိသားစုများ၏ အပြည့်အဝ ပါဝင်ပတ်သက်မှုအပေါ် မူတည်ပြီး လူနာများကို စောင့်ရှောက်မှုပေးသော ပုံစံမှ လူနာများနှင့် အတူ ပူးပေါင်းပြီး စောင့်ရှောက်မှုပေးနိုင်သော ပုံစံအဖြစ် အသွင်ကူးပြောင်းရန် လိုအပ်သည်။
● ရောဂါဖြစ်စဉ်ကို အလုံးစုံရှင်းလင်းပြောပြပြီး သဘောတူခွင့်ပြုချက် ရယူခြင်း၊ ကုသမှုနည်းလမ်းများကို အသိပေးရွေးချယ်စေခြင်းမှ အစပြုကာ မူဝါဒချမှတ်ခြင်းနှင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ရေးဆွဲခြင်းအထိ ကျန်းမာရေးစောင့်ရှောက်မှု၏ အဆင့်တိုင်းတွင် လူနာများနှင့် မိသားစုများကို ပါဝင်စေသင့်သည်။
● ကျန်းမာရေးစောင့်ရှောက် ခံယူရာတွင် မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိသင့်ပါ။ လူနာများ၏ အသံကို ထုတ်ဖော် နားစွင့်ပြီး နားလည်နိုင်အောင် ကြိုးစားရမည်။ မူဝါဒရေးဆွဲသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းဆောင်များ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားများ၊ လူနာများနှင့် ၎င်းတို့၏မိသားစုများ၊ လူနာများအတွက် ပံ့ပိုးပေးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အားလုံးတွင် ပါဝင်ရမည့် အခန်းကဏ္ဍအသီးသီး ကိုယ်စီရှိကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,
National Unity Government.

Reference: https://www.who.int/campaigns/world-patient-safety-day/2023

#nugmoh #WorldPatientSafetyDay #patientsafety #patient #safety

Published on: September 17, 2023.
Last updated: September 17, 2023.