“World Tuberculosis Day” (24 March 2024)

⁨📷⁩ ⁨ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့
World Tuberculosis Day
24 March 2024

တီဘီရောဂါကို ငါတို့ အဆုံးသတ်နိုင်တယ်!
Yes! We Can #ENDTB

တီဘီရောဂါကို ငါတို့ အနိုင်ယူနိုင်တယ်။ အဆုံးသတ်နိုင်တယ်တဲ့ ….။ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အတွက် ကြွေးကြော်နေကြပါတယ်။ မြန်မာနိုင်ငံမှာရော……. တီဘီရောဂါကို အနိုင်တိုက်ဖို့ ဖြစ်နိုင်ပြီလား။

တီဘီရောဂါဖြစ်တယ်ဆိုရင် လူတွေက ဝေးဝေးရှောင်ချင်ကြတယ်။ လူတစ်ယောက်ကနေ တစ်ယောက်ကို လွယ်လွယ်ကူကူ ကူးစက်တတ်လို့ဖြစ်ပါတယ်။ တီဘီရောဂါကို ပျောက်ကင်းအောင် ကုသလို့ရတယ်ဆိုတာ လူအများစုသိကြပေမယ့် ကိုယ့်ကို ရောဂါနာမည်တပ်ခံရမှာ၊ ဆေးကုသမှုကာလ ကြာရှည်တာ၊ ဆေးဒဏ်ခံရမှာ စိုးတာတွေကြောင့် တီဘီဆိုတာကို ကြောက်ကြတယ်။ ဒါ့အပြင် ကုသဖို့ခက်တဲ့ ဆေးယဉ်ပါးတီဘီဆိုတာကလည်း ပေါ်လာသေးတယ်တဲ့။ တီဘီရောဂါဟာ အဲ့လောက် ကြောက်ဖို့ကောင်းနေပြီလား။

တီဘီရောဂါဟာ လူသားတွေကို ဒုက္ခပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ၁၈၈၂ ခုနှစ် မတိုင်ခင်က တီဘီရောဂါဆိုတာ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိခဲ့ပါဘူး။ တီဘီရောဂါဆိုတာ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်တဲ့ “မိုင်ကိုဘက်တီးရီးယား ကျူဘာကူလိုစစ်” ဆိုတဲ့ပိုးကြောင့် ဖြစ်တယ်ဆိုတာကို ရောဘတ်ကော့ချ်ဆိုတဲ့ ဂျာမန်သိပ္ပံပညာရှင်က ၁၈၈၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။ အဲသလို ကြေညာခဲ့တဲ့နေ့ကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

တီဘီရောဂါဟာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ ဖြစ်နေကြပါတယ်။ လူအားလုံးလည်း တီဘီရောဂါ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လူမှုစီးပွားရေးအခြေအနေ အားနည်းတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ အဖြစ်များလျက်ရှိပါတယ်။ ကူးစက်ခံရသူတိုင်း တီဘီရောဂါ ဖြစ်ပွားတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာ ငုတ်လျှိုးနေနိုင်ပြီး ကိုယ်ခံအား အားနည်းတဲ့အချိန်မှာ ရောဂါအဖြစ် ပြောင်းလဲသွားနိုင်တာဖြစ်ပါတယ်။ ကိုယ်ခံအားကျဆင်းနေတတ်တဲ့ HIV ပိုးကူးစက်ခံထားရသူတွေ၊ စတီရွိုက်ဆေးသောက်နေသူတွေ၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ အသက်အရွယ်ငယ်လွန်း/ ကြီးလွန်းသူတွေမှာ ရောဂါဖြစ်လွယ်တာ တွေ့ရပါတယ်။ တီဘီဟာရောဂါဟာ လူခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးမှာ ဖြစ်စေနိုင်ပါတယ်။ အဆုတ်မှာဖြစ်ရင် အဆုတ်တီဘီ၊ အကျိတ်မှာ ဖြစ်ရင် အကျိတ်တီဘီ၊ အူမှာဖြစ်ရင် အူတီဘီ၊ ဦးနှောက်မှာဖြစ်ရင် ဦးနှောက်တီဘီ စသဖြင့် ခန္ဓာကိုယ်အနှံ့မှာ ဖြစ်တာဖြစ်ပါတယ်။ အဆုတ်တီဘီကတော့ အဖြစ်အများဆုံးပါ။

မြန်မာနိုင်ငံမှာ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ၁၉၃၅ ခုနှစ်က စတင်ခဲ့ကြပြီး တိုင်းနဲ့ ပြည်နယ်ရှိ မြို့နယ်အသီးသီးမှာ ရောဂါရှာဖွေကုသရေးတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီရောဂါ (ဆေးတိုးတီဘီ/ ဆေးယဉ်ပါးတီဘီ/ HIV ပိုး ဒွန်တွဲတီဘီ) အဖြစ် အများဆုံး (၃၀) နိုင်ငံအတွင်း ပါဝင်လျက်ရှိပြီး တစ်နှစ်မှာ တီဘီလူနာအသစ် ဖြစ်ပွားမှုနှုန်း လူတစ်သိန်းလျှင် ၃၀၀ ကျော် ဖြစ်ပွားလျက်ရှိပါတယ်။ တီဘီရောဂါဟာ မြန်မာနိုင်ငံရဲ့ ဉီးစားပေးဖြေရှင်းရမယ့် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်တီဘီရောဂါဝေဒနာရှင် (၁၉၀,၀၀၀) ကျော် ခန့်မှန်း‌ခြေအားဖြင့် ရှိပေမဲ့ ၎င်းတို့အထဲမှ သုံးပုံတစ်ပုံခန့်သာ ကုသမှုခံယူနိုင်တာကြောင့် ကျန်ရှိတဲ့ လူနာတွေထံကတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် အခြား ပြန်လည်ခေါင်းထောင်လာတဲ့ ကူးစက်ရောဂါတွေနဲ့အတူ မြန်မာနိုင်ငံကို တစ်ကျော့ပြန် ဒုက္ခပေးလျက် ရှိပါတယ်။ အခုလို ပြည်သူ့မျက်နှာမကြည့်တဲ့ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မတရားအာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက မိမိတို့ ရောက်ရာနေရာမှာ လစာရိက္ခာမယူဘဲ ပြည်သူလူထုလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရှေ့တန်းကနေ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ထမ်းရွက်နေကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အငြိုးတကြီး လိုက်လံဖမ်းဆီးသတ်ဖြတ်တာ၊ ကျန်းမာရေးဌာနတွေကို ဖျက်ဆီးတာ၊ ဆေးဝါးပစ္စည်းဝယ် ယူပို့ဆောင်မှုတွေကို တားမြစ်ပိတ်ပင်တာတွေကို ညှာတာမှုကင်းမဲ့စွာ ဆောင်ရွက်နေကြပါတယ်။ ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ ဖျက်ဆီးခံရတာကြောင့် လူနာတွေပြသဖို့၊ ရောဂါရှာဖွေမှုခံယူဖို့နဲ့ ကုသမှုရယူဖို့ အခက်အခဲတွေ ရှိလာပါတယ်။ တီဘီဆေးသောက် ပျက်ကွက်တာ၊ ရောဂါဖော်ထုတ်ရန် နောက်ကျတာတွေကြောင့် ပိုမိုပြင်းထန်တဲ့ ရောဂါတွေ၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ ပြင်းထန်ကလေး တီဘီရောဂါ ကာကွယ်ဆေး ဖြစ်တဲ့ ဘီစီဂျီဆေးကို ကလေးတိုင်းရရှိဖို့ မလွယ်ကူပါဘူး။ စံချိန်စံညွှန်းနှင့် ကိုက်ညီတဲ့ တီဘီဆေးတွေ ရရှိဖို့ အလွန်ခက်ခဲနေပါတယ်။

ကျန်းမာရေးသတင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲတာကြောင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေ၊ ဆုတ်ယုတ်မှုတွေကို လွယ်လင့်တကူ မသိရှိနိုင်ပါဘူး။ ပုံမှန်အခြေအနေမှာတောင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ဖို့ ခက်ခဲတဲ့ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လည်အားယူလုပ်ဆောင်ဖို့က ပြည်သူ့ကျန်းမာရေးလုပ်ငန်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ (Sustainable Development Goals) ရဲ့ ကျန်းမာရေးမျှော်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ၂၀၃၀ ပြည့်နှစ်မှာ တီဘီရောဂါကူးစက်မှု အဆုံးသတ်ဖို့ကို ပြည့်မီဖို့နေနေသာသာ ရောဂါရှာဖွေတွေ့ရှိသူတွေကို အရည်အသွေးမီတဲ့ ဆေးတွေနဲ့ ကုသနိုင်ဖို့တောင် အခက်အခဲတွေ ဖြစ်နေကြရပါတယ်။
မြန်မာနိုင်ငံရဲ့ ပြိုကျလုဆဲဆဲ ဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနှင့် တစ်ကျော့ပြန် ခေါင်းထောင်လာတဲ့ တီဘီရောဂါတိုက်ဖျက်ရေးအပါအဝင် ရောဂါနှိမ်နင်းရေးလုပ်ငန်းတွေ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အိမ်နီးချင်းတိုင်းပြည်တွေ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်တဲ့ အဖွဲ့တွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေ၊ CDM ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူလူထုအားလုံးနဲ့အတူ ပူးပေါင်းလုပ်ဆောင်မှသာ တီဘီရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြအနေတစ်ရပ် (Public Health Emergency) အဖြစ်ကနေ အမြန်ပြန်လည် ထိန်းချူပ်နိုင်မှာဖြစ်ပါကြောင်း သတိပေးတင်ပြလိုက်ရပါတယ်။

ထူးသထက်ထူးတဲ့
ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #ENDTB #WORLDTBDAY #YESWECANENDTB⁊

Ministry of Health,
National Unity Government.

Published on: March 25, 2024
Last updated: March 25, 2024