World Tuberculosis (TB) Day 2023 (24 March 2023)

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့)
World Tuberculosis (TB) Day 2023 (24 March 2023)

၁။ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့)

တီဘီရောဂါတိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကြောင့် ၂၀၀၀ ခုနှစ်မှစ၍ လူ့အသက်ပေါင်း (၇၄) သန်းကို ကယ်တင်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် လူဦးရေ (၁၀.၆) သန်းသည် တီဘီရောဂါ ခံစားခဲ့ကြရသည်။ ၂၀၂၁ ခုနှစ်တွင် တီဘီရောဂါကြောင့် လူဉီးရေ (၁.၆) သန်း သေဆုံးခဲ့သည်။

၂။ Yes! We can end TB! – ဟုတ်ပြီ! ကျွန်ုပ်တို့ တီဘီရောဂါကို အဆုံးသတ်ပစ်နိုင်သည်!

🫁 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့သည် ဆောင်ပုဒ်ဖြစ်သော “ဟုတ်ပြီ! ကျွန်ုပ်တို့ တီဘီရောဂါကို အဆုံးသတ်ပစ်နိုင်သည်!” ဆိုသည့်အတိုင်း တီဘီရောဂါကို တိုက်ဖျက်ရန်အတွက် သက်ဆိုင်ရာ ဦးဆောင်သူများကို စည်းရုံးလှုံ့ဆော်အားပေးရန်၊ တီဘီရောဂါတိုက်ဖျက်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အသစ်များကို ပိုမိုလျင်မြန်စွာ လိုက်နာစေရန်၊ တီထွင်ဆန်းသစ်မှုအသစ်များကို လက်ခံကျင့်သုံးရန်၊ မြန်ဆန်သော လုပ်ဆောင်ချက်များ ပြုလုပ်ရန်နှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
🫁 ၂၀၂၃ ခုနှစ်၊ တီဘီရောဂါဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးညှိနှိုင်းအစည်းအဝေးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် နိုင်ငံရေးအရ ကတိကဝတ်ရရှိရန် အခွင့်အလမ်းများ ရှိသောကြောင့် ယခုနှစ်သည် အရေးကြီးပါသည်။ နိုင်ငံများ၏ ဉီးဆောင်မှုတိုးတက်ရေး အရှိန်မြှင့်စေရန် အားပေးတိုက်တွန်းမည် ဖြစ်သည်။
🫁 ဆေးယဉ်ပါးတီဘီရောဂါအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သောက်ဆေး တစ်မျိုးတည်းဖြင့် ကုသမည့် အချိန်တိုကုထုံးသစ်များ ထွက်ပေါ်လာစေရေး အရှိန်မြှင့်တင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဖွဲ့ဝင်နိုင်ငံများအား တိုက် တွန်းသွားမည် ဖြစ်သည်။
🫁 တီဘီရောဂါအကြောင်း အသိပညာမြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို အဆုံးသတ်စေရန် ကြိုးပမ်းအားထုတ်မှုကို မြှင့်တင်ရန်အတွက် တီဘီရောဂါဖြစ်စေသည့် ဘတ်တီးရီးယားပိုး ရှာဖွေတွေ့ရှိသည့် (၁၈၈၂ ) ခုနှစ်၊ မတ်လ(၂၄) ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပခဲ့ကြသည်။

၃။ ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့် လုပ်ဆောင်ချက်

🫁 ၂၀၂၃ ခုနှစ်သည် တီဘီရောဂါတိုက်ဖျက်ရေးနှင့် သန်းပေါင်းများစွာသော တီဘီရောဂါသည်များကို မီးမောင်းထိုးပြရန်နှင့် ရောဂါခံစားရသူများကို အလုံးစုံစောင့်ရှောက်မှုအတွက် မေတ္တာရပ်ခံရန်နှစ် ဖြစ်ပါသည်။
🫁 စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၀၂၃ ခုနှစ် တီဘီရောဂါဆိုင်ရာ ကုလသမဂ္ဂထိပ်သီးညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ထိုရှေးကျသောရောဂါများ အဖြစ်များမှုကို ဟန့်တားရန်၊ နိုင်ငံရေးနှင့် လူမှုရေးအရ ကတိကဝတ်များ ရရှိနိုင်ရန်ဖြစ်သည်။
🫁 ထိုကဲ့သို့ ကာကွယ်ကုသနိုင်သောရောဂါကို အဆုံးသတ်တိုက်ဖျက်ရန်နှင့် မညီမျှမှုများကို ရင်ဆိုင်ဖြေရှင်းရန် အားလုံးတွင် တာဝန်ရှိသည်။

၄။ လူတိုင်း တီဘီရောဂါကုသစောင့်ရှောက်မှု လက်လှမ်းမီနိုင်ခြင်း သုတေသနကို လုပ်ဆောင်ရန် အရေးကြီးပါသည်။

🫁 COVID-19 ကပ်ရောဂါဖြစ်ပွားမှု၊ ပဋိပက္ခများ၊ လူမှုစီးပွားရေး အကြပ်အတည်းများကြောင့် တီဘီရောဂါ အမြစ်ပြတ်ရေးအပေါ် အန္တရာယ်ရှိလာသည်သာမကဘဲ ကာကွယ်ကုသမှု ဆောင်ရွက်ရာတွင် သာတူညီမျှမှုရရှိရေးကိုပါ အကျိုးသက်ရောက်စေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွန်းအားပေး ဆောင်ရွက်နေသော အလုံးစုံ ကျန်းမာရေးလွှမ်းခြုံမှုကိုပါ ထိခိုက်စေပါသည်။
🫁 ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားသော တီဘီရောဂါကာကွယ်ရေး နည်းလမ်းများ၊ ကုသချိန် ပိုမိုတိုတောင်းသော တီဘီကုသမှုနည်းစနစ်များ၊ မြန်ဆန်သော မော်လီကျူးဆိုင်ရာ ရောဂါရှာဖွေမှုများနှင့် အခြားတီထွင်စမ်းသပ်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာများ ထောက်ပံ့မှုတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် ကျန်းမာရေးရလဒ်များ တိုးတက်ကောင်းမွန်ပြီး သန်းပေါင်းများစွာသော အသက်များကို ကယ်တင်နိုင်ပါသည်။
🫁 တီဘီရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်များ လုပ်ဆောင်ရာတွင် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၌ ရင်နှီးမြှုပ်နှံရန် အရေးကြီးပါသည်။

၅။ လူသားအားလုံးကျန်းမာရေးကို ရရှိရန် ကျန်းမာရေးဆိုင်ရာ မညှီမျှမှုများအား ကိုင်တွယ်ဖြေရှင်းခြင်း

🫁 COVID-19 ကပ်ရောဂါသည် နိုင်ငံအချင်းချင်းကြားတွင်ရှိသော ကြီးမားသည့် ကွာဟချက်များကို အာရုံစိုက်မိလာစေသည်။
🫁 တီဘီရောဂါခံစားနေရသူများသည် လျစ်လျူရှုခံထားရဆုံး ထိခိုက်လွယ်သော လူများဖြစ်ပြီး စောင့်ရှောက်ကုသမှုကို လက်လှမ်းမီရန် အခက်အခဲများ ရင်ဆိုင်ရပါသည်။
🫁 ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တီဘီရောဂါနှင့် အခြားရောဂါခံစားနေရသူများအတွက် ကျန်းမာရေး မညီမျှမှုများကို ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ကို တောင်းဆိုထားသည်။

၆။ တီဘီရောဂါတိုက်ဖျက်ရေးတွင် ကဏ္ဍပေါင်းစုံ၏ စုပေါင်းဆောင်ရွက်မှု လိုအပ်သည်။

🫁 မှန်ကန်သောဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန်၊ မှန်ကန်သောအချိန်တွင် မှန်ကန်သော နေရာ၌ လုံခြုံစိတ်ချသော ပတ်ဝန်းကျင်ရရှိရေး ထောက်ပံ့ပေးရမည်။
🫁 တီဘီရောဂါသည် အဓိကအားဖြင့် ဆင်းရဲပြီး လူမှုစီးပွားရေး အခက်အခဲများ ရင်ဆိုင်နေရသည့် ထိခိုက်ခံစားလွယ်သော လူထုတွင် အဖြစ်များသည်။
🫁 ဆင်းရဲမှု၊ အာဟာရချို့တဲ့မှု၊ နေစရာနှင့် လုပ်ငန်းခွင်လိုအပ်မှုများသည် တီဘီဖြစ်ပွားမှုနှင့် ကုသမှုလိုအပ်ချက်များကို အကျိုးသက်ရောက်စေပြီး ရင်ဆိုင်ရသည့် အကျိုးအပြစ်များအပေါ် လွှမ်းမိုးမှု ရှိသည်။
🫁 ထို့ကြောင့် တီဘီရောဂါတိုက်ဖျက်ရေးတိုးတက်ရန်မှာ ကျန်းမာရေးစနစ် တစ်ခုတည်းဖြင့် မရရှိနိုင်ဘဲ သက်ဆိုင်ရာ ခေါင်းဆောင်များက နိုင်ငံရေးအရ ကတိကဝတ်ပြုမှု၊ ကဏ္ဍပေါင်းစုံက ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သည့် တာဝန်ခံမှုစနစ်တို့ လိုအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: World Health Organization (WHO)

nugmoh #WorldTuberculosisDay2023 #WorldTuberculosisDay #WorldTBDay2023 #WorldTBDay #TB #Tuberculosis #YesWeCanEndTB #EndTB

Ministry of Health,

National Unity Government.

Published on: 24 March 2023
Last Updated: 24 March 2023